Wednesday, August 26, 2015

လွန်ဆွဲပွဲသမိုင်း

"လွန်ဆွဲပွဲသမိုင်း"
မိုးခေါင်ကျော်စွာနတ် မိုးခေါင်သောအခါ မိုးခေါင်ကျော်စွာနတ်ကို ပသ၍ လွန်ဆွဲလေ့ ရှိကြသောကြောင့် မြန်မာနိုင်ငံ အရပ်ရပ်ကပင် မိုးခေါင်ကျော်စွာနတ်ကို သိလည်း သိကြသည်၊ စိတ်လည်းဝင်စားကြသည်၊ ယင်း မိုးခေါင်ကျော်စွာနတ်မှာ ပုဂံခေတ်ကပင် ပေါ်ပေါက်လာခဲ့သော နတ် ဖြစ်သည်။ ပုဂံခေတ်၌ ကုလားကျမင်းဟု အမည်ရသော နရသူမင်း (၅၂၉-၅၃၃) လက်ထက်တွင် ရှင်မထီးဆရာတော် ထွက်ရပ်ပေါက်သဖြင့် ပုဂံတပြည်လုံး ရွှေမိုး ငွေမိုး ရွာခဲ့ဘူးကြောင်း သမိုင်းအစဉ်အလာ ပြောစမှတ် ပြုခဲ့ကြသည်။ စင်စစ် ရှင်မထီးဆရာတော်သည် နရသူမင်း မဖြစ်မီ နရသူ၏ ခမည်းတော် အလောင်းစည်သူမင်းကြီး (၄၇၄-၅၂၆) လက်ထက်ကပင် ဖိုထိုးခဲ့ရာ ပုဂံပြည် မှူးမတ် သူဌေး သူကြွယ် တို့က ရွှေ ငွေ လှူဒါန်း ထောက်ပံ့ခဲ့ကြသည်။ ယင်းကဲ့သို့ လှူဒါန်း ထောက်ပံ့ကြသူများ အနက်ရှင်မထီးဆရာတော်အား အထူး စေတနာထက်သန်စွာဖြင့် အမြဲတမ်း လှူဒါန်း ထောက်ပံ့နေကြသူများမှာ ကျောင်းဒါယကာ သူကြွယ် မောင်ကျော်စွာ နှင့် ဇနီး မယ်သော်တာတို့ ဖြစ်ကြသည်။ရှင်မထီးဆရာတော် ဖိုထိုးသော ဓာတ်လုံးမှာ ပြဒါးလုံးဖြစ်သည်၊ ထွက်ရပ်ပေါက် ကိစ္စ အတွက် ကြိုးကြိုးစားစား ဖိုထိုးပါသော်လည်း အောင်မြင်မှု မရှိပေ၊ ပျက်ဖန်များလာသောကြောင့် လှူဒါန်းထောက်ပံ့ကြသော ဒကာ ဒကာမများ အများအပြားမှာ ပစ္စည်းဥစ္စာ ဆုတ်ယုတ်ကုန်ကြသည်၊ နောက်ဆုံး မောင်ကျော်စွာနှင့် မယ်သော်တာတို့ ဇနီးမောင်နှံ နှစ်ဦးကသာ ဒိုင်ခံ၍ ရှိရှိသမျှ ပစ္စည်းများကို ထုခွဲရောင်းချ လှူဒါန်း ထောက်ပံ့နေရတော့ရာမှ မောင်ကျော်စွာနှင့် မယ်သော်တာတို့ ဇနီးမောင်နှံပင် သူကြွယ်ဘ၀မှ သူရင်းငှားဘ၀သို့ ရောက်ရှိသွားရသည် အထိ အခြေအနေ ဆိုးရွားခဲ့ရပေသည်၊ သို့တိုင်အောင်လည်း ရှင်မထီးဆရာတော်၏ ပြဒါးလုံးမှာ အောင်မြင်မှု မရရှိသေးပေ။ ထိုအချိန်၌ အလောင်းစည်သူမင်းကြီး နတ်ရွာစံပြီးနောက် သားတော် နရသူမင်း နန်းစံချိန်တွင် ဖြစ်သည်၊ ရှင်မထီးဆရာတော်သည် ဒကာ ဒကာမများထံမှ ရွှေ ငွေ ပစ္စည်း လှူဘွယ်ဝတ္ထုများ မရသည့် အဆုံး၌ နရသူမင်းထံ အလှူခံရာ နရသူမင်းကလည်း "သူ အကျိုးခံစားရမည်" ဟု မျှော်ကိုး ယူဆယုံကြည်ကာ ရက်ရှည် လများပင် လှူဒါန်းခဲ့ပြန်သည်၊ သို့သော် ဆရာတော်၏ ပြဒါးဓာတ်လုံးကား မအောင်မြင်ခဲ့ပေ၊ နောက်ဆုံး၌ နရသူမင်းမှာ အမျက်ဒေါသကြီးသူ ဖြစ်ရကား သည်းမခံနိုင်တော့ဘဲ မင်းချင်းတို့အား ဆရာတော် ရှင်မထီး၏ မျက်စိနှစ်လုံးကို ဖောက်ထုတ်စေခဲ့သည်။ ဤတွင် ဆရာတော် ရှင်မထီးသည် သူ၏ ပြဒါးလုံးကို စိတ်နာလှရကား ကျောင်း၌ နေသော သူတော်အား ကုဋီအိမ် မစင်တွင်းထဲသို့ ပစ်ချခိုင်းလိုက်သည်၊ ခိုင်းသည့် အတိုင်းပင် မစင်တွင်းထဲသို့ ပစ်ချလိုက်ရာ မစင်တွင်းသို့ ရောက်သည်နှင့် တပြိုင်နက် ပြဒါးလုံးမှာ သိဒ္ဓိပေါက်ပြီး တ၀င်းဝင်း တလက်လက် အရောင်များ ထွက်ကာ ထိန်လင်း ၀င်းလက်သွားတော့သည်၊အမှန်မှာ "ချေးရည်နှင့် စိမ်ရမည်" ဟူသော အညွှန်းစာကို "ချဉ်ရည်နှင့် စိမ်ရမည်" ဟုမှားမှားယွင်းယွင်း ဖတ်ရှု လုပ်ကိုင်နေမိသဖြင့် ယခုလို ချေးရေ (မစင်ရေ) နှင့် ထိတွေ့လိုက်ရသောအခါတွင်မှ အညွှန်းအတိုင်း ကိုက်ညီလာသဖြင့် သိဒ္ဓိ ပေါက်သွားခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပြဒါးလုံး ၀င်းဝင်းတောက် သွားကြောင်းကို သူတော်က ဆရာတော် ရှင်မထီးအား ပြေး၍ လျှောက်ထားသည်။ဆရာတော်မှာ သူ၏ ပြဒါးလုံး သိဒ္ဓိပေါက်ပြီ ဟု သိရှိလိုက်သဖြင့် ၀မ်းအမြောက်ကြီး မြောက်ကာ မစင်တွင်းသို့ တွဲပို့စေပြီး ပြဒါးလုံးကို ဆယ်ယူ၍ အမွှေးနံ့သာတို့ဖြင့် ဆေးကြောစေခဲ့သည်၊ တဆက်တည်းပင် သူတော်ကိုလည်း ဈေး၌ ရရာမျက်လုံး တစုံကို ၀ယ်ယူရန် စေခိုင်းလိုက်သည်။ သို့သော် အချိန်လင့်နေပြီ ဖြစ်သောကြောင့် ဈေး၌ မျက်လုံးတမျိုးတည်း စုံမရဘဲ ဆိတ်မျက်လုံး တလုံးနှင့် နွားကလေးမျက်လုံး တလုံးသာ ရခဲ့သဖြင့် ယင်းမျက်လုံး ၂-လုံးကို ဆရာတော်အား ဆက်ကပ်လိုက်သည်၊ ဆရာတော်ကလည်း ရလာသော ယင်းဆိတ်နှင့် နွားမျက်လုံး ၂-လုံးကိုပင် ဟောက်တောက်ကန်းနေသော မျက်လုံး အတွင်းသို့ ဖိသွင်းလိုက်ပြီး သူ၏ ပြဒါးလုံးနှင့် ပွတ်သတ်လိုက်ရာ ကန်းသွားသော မျက်စိနှစ်လုံးမှာ ပကတိအတိုင်း ပြန်မြင်လာခဲ့သည်၊ ပြန်မြင်လာသော်လည်း ယင်းသို့ ဆိတ်မျက်စိတဖက်-နွားမျက်စိ တဖက် ဖြစ်နေသောကြောင့် ထိုအခါမှ စ၍ ဆရာတော် ရှင်မထီးမှာ "ရှင်အဇ္ဈဂေါဏ" ဟူသော ဘွဲ့အမည်သစ်ကို ရရှိခဲ့သည်။ ထိုအခါ ရှင်အဇ္ဈဂေါဏသည် သူ၏ ထွက်ရပ်ပေါက် လုပ်ငန်းကို ဆက်လက် ကြိုးစားရန် အတွက် ထွက်တော့မည် ဖြစ်၍ ပုဂံပြည်တွင် ရှိသော သူ၏ ဒကာရင်း ဒကာမရင်းများအား မ,စ ထားခဲ့လိုသောကြောင့် ကြေးရည် ခဲရည်တို့ကို ကျိုစေပြီးလျှင် သူ၏တောင်ဝှေးဖျား၌ ပြဒါးလုံးကို တပ်ကာ ယင်းကြေးရည် ခဲရည်များကို မွှေလိုက်လျှင် ကြေးရည် ခဲရည် အဖြစ်မှ ရွှေရည် ငွေရည် အဖြစ်သို့ ပြောင်းလဲ ရောက်ရှိ ကုန်ကြသည်၊ ထိုအချိန်က ပုဂံပြည်၌ ရွှေမိုး ငွေမိုး ရွာသည်ဟုပင် ယခုတိုင်အောင် သမိုင်း အစဉ်အလာ ပြောစမှတ် ပြုခဲ့ကြရသည်၊ ပြောစမှတ် ပြုရလောက်အောင်လည်း ဟုတ်သဖြင့် ကြေးခဲ အနည်းငယ်သာ ရှာဖွေနိုင်သော မုဆိုးမများသည်ပင် ဘုရားတဆူ တည်နိုင်လောက်အောင် ကြွယ်ဝ ချမ်းသာခဲ့ပေသည်။ ယင်းကဲ့သို့ ပုဂံပြည် ဒကာ ဒကာမများကို သူဌေး သူကြွယ် ဖြစ်အောင် မ,စ ခဲ့ပြီးနောက် ဆရာတော် ရှင်အဇ္ဈဂေါဏသည် ပုပ္ပားတောင်ဖက်သို့ ထွက်ကြွတော်မူသည်၊ သူ့မျက်လုံးကို ဖောက်ပစ်ခဲ့သော နရသူမင်းကိုကား စိတ်နာလှသဖြင့် အကြောင်းမျှ မကြားခဲ့ပေ။ ပုဂံတပြည်လုံး အုံးအုံးကြွက်ကြွက် ရွှေမိုး ငွေမိုး ရွာနေသော အချိန်၌ ကံခေလှသော မောင်ကျော်စွာနှင့် မယ်သော်တာ ဇနီး မောင်နှံတို့မှာ မြို့တွင်း၌ မရှိကြပေ၊ မြို့နှင့် ဝေးကွာလှသော တောင်ယာ ပဲခင်းများ၌ တောင်သူလုပ်နေကြရသဖြင့် ဆရာတော် ရှင်အဇ္ဈဂေါဏနှင့် မတွေ့လိုက်ကြရပေ။ သို့သော် ဆရာတော် ရှင်အဇ္ဈဂေါဏသည် ထွက်ရပ်ပေါက် ပညာစခန်းကို အဆင့်အတန်း အမြင့်ဆုံး အထိ ကိစ္စ ပြီးဆုံးအောင်မြင်ပြီးနောက်၌ကား မောင်ကျော်စွာနှင့် မယ်သော်တာတို့ ရှိရာ အရပ်သို့ ကြွလာပြီး မြောက်မြားလှစွာသော ရွှေ ငွေ ရတနာ အဖြာဖြာတို့ကို ပေးအပ် ချီးမြှင့်ရာ မောင်ကျော်စွာနှင့် မယ်သော်တာတို့မှာလည်း နောက်ဆုံး အချမ်းသာ အကြွယ်ဝဆုံး အဖြစ်ဖြင့် ပုဂံတွင် ထင်ရှားကျော်ကြား လာခဲ့သည်။ဆရာတော် ရှင်အဇ္ဈဂေါဏသည် ဖိုဝင်ရန် အချိန် ဆိုက်ရောက်လာ၍ တပည့်ကောင်း လိုလာသည်၊ ထို့ကြောင့် တနေ့တွင် မောင်ကျော်စွာကို လိုက်ပါရန် လာရောက် ခေါ်ငင်ရာ ထိုအချိန်က မောင်ကျော်စွာမှာ အိမ်၌ မယားဖြစ်သူ မယ်သော်တာလည်း မရှိခိုက် ဖြစ်သည့်ပြင် သားကလေး ၀ံသာကိုလည်း တစ်ယောက်တည်း ထားပစ်ခဲ့ရန် မဖြစ်နိုင်သဖြင့် ပြန်လည် လျှောက်ထားလိုက်သည်။ဆရာတော် ရှင်အဇ္ဈဂေါဏလည်း မည်သို့မျှ ပြန်လည် မမိန့်ကြားတော့ဘဲ မယ်သော်တာရှိရာ ယာခင်းသို့ ကြွသွားပြီး တပည့်အဖြစ်လိုက်ရန် ခေါ်ရာ မယ်သော်တာမှာ မိမိ ကိုယ်တိုင် ၀ိဇ္ဇာဖြစ်ရမလောက် ၀မ်းမြောက် ၀မ်းသာဖြင့် ချက်ချင်းပင် လိုက်ပါသွားခဲ့သည်။ ယင်းသို့ မယ်သော်တာ လိုက်သွားပြီးနောက် ဆရာတော်ရှင်အဇ္ဈဂေါဏ အပေါ် ရန်ညှိုး ဖွဲ့ထားသော နရသူမင်းသည် မောင်ကျော်စွာ နှင့် သား မောင်ဝံသာတို့ကို ဖမ်းဆီးကာ ဆရာတော်ရှိသော အရပ်ကို မေးမြန်းခြင်း-မောင်ကျော်စွာ ကိုယ်တိုင်ပင် ရွှေ ငွေ ဖြစ်သည်ဟု ယုံကြည်နေခြင်းတို့ကြောင့် ယင်း ကိစ္စများ မပေါ် ပေါ်အောင် နှိပ်စက် စစ်ဆေးခဲ့ရာမှ လက်လွန်ကာ မောင်ကျော်စွာနှင့် သား ၀ံသာတို့ သေဆုံးခဲ့ရရှာပြီး ကျော်စွာနတ်ဖြစ်လာသည်။မယ်သော်တာမှာမူ ဆရာတော် ဖိုဝင်ရာ၌ စောင့်ရှောက်ပြီးနောက် ၀ိဇ္ဇာ ဖြစ်သွားသည်ဟု အချို့က ယူဆကြသည်၊ အချို့ကလည်း လင်ဖြစ်သူ မောင်ကျော်စွာနှင့် သား ၀ံသာတို့ သေဆုံးသောကြောင့် သောကမီး တောက်ကာ ၀တ်ကြောင်ကို မုန်းပြီး ပုပ္ပားတောင်၌ ရသေ့မ ပြုလုပ် နေထိုင်ခဲ့သည်ဟု ယူဆကြသည်။ကျော်စွာနတ် ဖြစ်လာသော အခါ၌ ပုဂံဘုရင်နရသူနှင့် မှူးမတ် စသူတို့ကို များစွာ စိတ်နာသောကြောင့် ၎င်း နတ်ဖြစ်နေသော ပုပ္ပားတောင် ကလပ်စွန်းမှ နေ၍ ပင်လယ်ဖက်မှ တက်လာသော မိုးသား တိမ်တိုက်တို့ကို တန်ခိုးဖြင့် ဖယ်ရှား ပစ်နေရာ ပုဂံပြည်တွင်း မိုးခေါင်သည့် အဖြစ်သို့ ဆိုက်ရောက်ခဲ့ရသည်။ ဤတွင် နရသူမင်းနှင့် တကွ ပြည်သူတို့က နတ်ကန္နားပေးကာ ၃၇-မင်း နတ်များကို မေးမြန်း ခဲ့ကြသည်၊ ၃၇-မင်းနတ်များကလည်း "၎င်းတို့ထက် တန်ခိုးကြီးသော ကျော်စွာနတ်၏ လက်ချက်ကြောင့် ဖြစ်ကြောင်း" ပြန်လည် ဖြေကြားခဲ့သည်။
ထို့ကြောင့် နရသူမင်းသည် ကျော်စွာနတ်ကို ပင့်ကာမှားကြောင်း ၀န်ချ တောင်းပန်ရာ ကျော်စွာနတ်က "နရသူမင်း လွန်ကြောင်းကို ပြည်သူပြည်သား အားလုံး သိအောင် လွန်ကြိုးကို တဖက်တချက် ဆွဲကြ၍ လွန်ခေါင်းပေါ်က မိမိစီးရမှ ကြေနပ်နိုင်မည်" ဟု ပြောဆိုသည်၊ သို့ဖြင့်ပင် ယခုတိုင်အောင် လွန်ဆွဲသော အခါ လွန်ခေါင်းတပ်ပွဲ ပေး၍ ဆွဲကြရခြင်း ဖြစ်သည်။ မိုးခေါင်လျှင် ယင်းကဲ့သို့ လွန်ဆွဲ ပသရသောကြောင့် မိုးခေါင် ကျော်စွာနတ် ဟု ထင်ရှားခဲ့သည်။
၃၇မင်းနှင့်နတ်မျိုးစုံ ---ဦးကံမင်း

No comments:

Post a Comment