Saturday, October 10, 2015

ငယ်ငယ်က မြင်းမိုရ်တောင် ဘယ်နိုင်ငံမှာရှိတာလဲဟု ဆရာမကို မေးမိရာ ထိပ်ခေါက်ခံရသည်။ အဖြေကားမရ။

သားသားကြီးရင် ဘာလုပ်မလဲဟု အမေက မေးသောအခါ အာကာသယာဉ်မှူးလုပ်မည်ဟု ဖြေဖြစ်သည်။ နတ်ပြည်ကို တက်ကြည့်ချင်သည်ကိုး။

အိမ်ရှေ့က အဝီစိတွင်းကြောင့် ငရဲပြည်တွင် ချိုးရေ သုံးရေ သောက်ရေ အလျှံအပယ်ရှိလိမ့်မည်ဟု အယူမှားမိပြန်သည်။

အိမ်ကဘုရားစင်သည် ကျွန်တော့်မုန့်ဖိုးထက်ပို၍ အကုန်အကျများ၏။ အမေသည် ဘုန်းဘုန်းကြွလာသောအခါ နံနက်စောစောထ၍ ချက်ပြုတ်ထားသော ဆွမ်းကိုကပ်၏။ သီလရှင်များလာသောအခါ ကန်တော့ပါသေးရဲ့ဟု ဆို၏။ gender ခွဲကြောင်း ဝေဖန်မိ၍ အမေက မျက်စောင်းခဲ၏။

မနက်တိုင်း ကြေးစည်ထု၍ ဘုရားရှိခိုးသောအဘွားထံတွင် ဘုရားရှိခိုး ပါဠိစာသားများ၏ အဓိပ္ပာယ်ကို ကျွန်တော်မေးကြည့်၏။ အဖွားက ကုသိုလ်ရတယ်လူလေးရဲ့ဟုသာ ပြောတတ်ရှာလေသည်။

ဘုရားဆွမ်းတော်ကို အမက သူစားချင်သောသစ်သီးများ ဝယ်၍ တစ်နေ့တစ်မျိုး မရိုးအောင်ကပ်၏။ ဘုရားကား သူ့အကြိုက်ကို လိုက်နေရ၏။ ဘုရားပန်းများကိုကား ရက်ခြားလွှင့်ပစ်ရသဖြင့် အမရယ် နင်ပန်ဖို့ ဝယ်တာဆိုလည်း တော်သေးတယ်။ အခုဟာက ဘုရားက ပန်လို့လားဟဟု မေးခဲ့ရာ နားရွက်လိမ်ဆွဲခံရပြန်သည်။

အဖေသည် တစ်ရက် ထူးထူးဆန်းဆန်းစကားကို ဆို၏။ ပုဂံ ညောင်ဦး ပုပ္ပား ဘုရားဖူးသွားမည်တဲ့။ ရှိစုမဲ့စု စုထားသော ငွေကလေးကို ကျွန်တော့်အတွက် စက်ဘီးဝယ်ပေးလိမ့်မည်ဟု ထင်မှတ်မှားနေခဲ့ဖူးသည်။ ယခုမူ ဘုရားဖူးစရိတ်တဲ့။ အဖေ့သူငယ်ချင်းသည် အရက်ဆိုင်ဖွင့်ထားသည်။ ချဲဒိုင်လည်း ကိုင်သည်။ ဘုရားဖူးလုပ်ငန်းလည်း ကားတွေထောင်ထားပြီးလုပ်သည်။ ရွာတွင် အလှူအလုပ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ကျွန်တော်အဖေ့ကို မေးမိသည်။ အဖေ အိမ်ကဘုရားက ဖူးရတာ ရိုးသွားလို့လားဟု။
အဖေက အခုသွားဖူးမယ့် ဘုရားတွေက တန်ခိုးကြီး ဘုရားတွေ ဆုတောင်းပြည့်ဘုရားတွေတဲ့။

ဂေါဓမမြတ်စွာဘုရား၏ ဆင်းတုတော်တို့သည် အိမ်တွင်ထား၍ ကိုးကွယ်လျှင် တန်ခိုးအာနိသင်လျော့နည်းကြောင်း နှင့် ကြီးကြီးထုဆစ်ထားသော ဆင်းတုတော်တို့သာ တန်ခိုးကြီးကြောင်းကို ထိုစဉ်ကမှ ကျွန်တော်သိလိုက်ရသည်။ ဟုတ်ပေမည်။ အိမ်က ဆင်းတုတော်လေးသည် ဖုန်တက်သည်ကိုပင် သူ့ဘာသာသူ မသုတ်သင်နိုင်ရှာတော့ပေ။ နောက်ပြီး သောက်တော်ရေနှင့် ဆွမ်းတော်လည်း နေ့တိုင်းကပ်လှူပသရသည်။ ဘုရားရှင်သည် ပရိနိဗ္ဗာန်စံတော်မူပါလျက် စားခြင်းသောက်ခြင်းမကင်းနိုင်သေး။ အိမ်ဘုရားမဟုတ်ဘဲ အများကိုးကွယ်သည့် ဘုရားဆင်းတုကြီးကြီးများတွင်မူ ဆွမ်းစားရန်မလို။ စားခြင်း သောက်ခြင်းမရှိ။ တန်ခိုးကြီးလိုက်ပါပေ့။

အဖေ့ညီမ ကျွန်တော့်ဒေါ်လေးသည် အတော်လေး ကျန်းမာရေးဖောက်ပြန်နေရှာ၏။ အဖေ့ထံ ဒေါ်လေးသမီး ကျွန်တော့်အမဝမ်းကွဲက ငိုယို၍ ငွေကြေးအကူအညီလာတောင်းသည်။ အဖေက ဘုရားဖူးရန်စုထားသောပိုက်ဆံများ ပဲ့မည်ဆို၍ အထိမခံ။ ငါ့မှာ ငွေပိုမရှိတော့ဘူးဟု ပြောလွှတ်သည်။ တန်းခိုးကြီးဘုရားတွေမှာ ဒေါ်လေးအတွက်အလှူပြုကာ ဆုတောင်းပေးမည်ဖြစ်ကြောင်း ဖြောင့်ဖျပြောဆိုသဖြင့် အမဖြစ်သူသည် ငိုမဲ့မဲ့မျက်နှာနှင့် ပြန်သွားရရှာလေ၏။

သို့နှင့် ကျွန်တော်လည်း ဘုရားဖူးလိုက်ပါခဲ့ရ၏။ မြန်မာပြည်တွင် တောင်းစားနေသော သူတောင်းစား ပေါများကြောင်းကို ဘုရားစောင်းတန်းအနီးတွင် တွေ့ရမှ ကျွန်တော်သိ၏။ ဘုရားတွင် ကပ်လှူထားသော ရွှေပြားများသည် ထိုသူတောင်းစား လူမွဲဖွပ်ဘိုးအေများကို လှောင်ပြနေသကဲ့သို့ဖြစ်၏။

ဘုရားသည် ၇ရက်သားသမီးများကို တစ်ပြိုင်နက်ဆုတောင်းပူဇော်ခြင်းမခံလိုပေ။ ကျွန်တော်၏ ကလေးအတွေးလည်း ဖြစ်ကောင်းဖြစ်မည်။ အဖေက သောကြာထောင့်တွင် သွားရောက်ပူဇော်ဆုတောင်း၏။ အမေက အင်္ဂါထောင့်တွင် သွားရောက်ပူဇော်ဆုတောင်း၏။ ဘုရားသည် အာရုံမများအောင် ကိုယ်ခွဲ၍ တာဝန်ခွဲယူထားပုံရသည်။

လူတချို့သည် မွေးနေ့အထူးအစီအစဉ်အဖြစ် ဘုရားရေသပ္ပာယ်နေကြ၏။ သက်စေ့ပူဇော်၏။ မုနိမြတ်စွာသည် ရေမွန်းလျက်နေရှာ၏။ ချမ်းတုန်နေရော့မလားဟုလည်း ကျွန်တော်တွေးမိ၏။
ဤအဖြစ်ကို ရိပ်စားမိပုံရသော လူတစ်စုသည် ဘုရားအနီးတွင် ဖယောင်းတိုင်မီး ထွန်းညှိပူဇော်၍ အနွေးဓာတ်ပေး၏။
နောက်တော့ သူတို့သည်လည်း စေတနာကြောင့်ဟုတ်မတူဟု ကျွန်တော်တွေးမိသည်။ ယတြာအရ လာရောက်ပူဇော်စီရင်နေခြင်းဖြစ်ဟန် တူ၏။ အကြောင်းမှာ ဖယောင်းတိုင်ကို အရေအတွက်အတိအကျ ပူဇော်နေသောကြောင့် ဖြစ်သည်။ လောင်ကျွမ်းကုန်ဆုံးစေရုံမျှသာ အာရုံရှိနေ၏။ အမွှေးတိုင်တစ်ထုပ်လည်း ထွန်းသေး၏။ ဘုရားရှင်သည် မီးခိုးမှိုင်းတို့ဖြင့် ကျပ်တိုက်ခြင်းခံနေရရှာ၏။

ဘုရားစောင်းတန်းများတွင် ဆင်းတုတော်ထုဆစ်နေသူများကို တွေ့ရသည်။ ပန်းပုဆရာသည် သူ၏ပေါင်တွင်ဆင်းတုကို ညှပ်၍ထု၏။ ငရဲမကြီးဘူးလားဟု အဖေ့ကို ကျွန်တော်မေးကြည့်မိသောအခါအဖေက အနေကဇာမတင်ရသေးသဖြင့် ငရဲမကြီးကြောင်းဆိုသည်။ ပါဝါမတင်ရသေးသောကြောင့် တန်ခိုးမရှိ။ တန်ခိုးမရှိသောကြောင့် ငရဲမကြီး။ ဤသို့သာ ကလေးအတွေးဖြင့် ကျွန်တော်မှတ်ထားလိုက်သည်။

ကျွန်တော်ဘဝင်မကျသည့်အချက်တစ်ခုရှိသေး သည်။ ဗုဒ္ဓဘုရားရှင်ခြင်း တူပါလျက် အဘယ်ကြောင့် အိန္ဒိယမှဆင်းတုများသည် နှာခေါင်းချွန်၍ တရုတ်ပြည်မှဆင်းတုများသည် နှာခေါင်းပြားကာ ကျွန်တော်တို့ဆီတွင် ဗမာဆန်နေရတာပါလဲဟု အဖေ့ကို ကျွန်တော်မေးခဲ့သည်။

အဖေသည် ပါရမီရင့်သန်နေပုံရ၏။ ထို့ကြောင့်ရှေ့ဖြစ်ကို ဟော၏။ မင်း ဘာသာမဲ့ဖြစ်မယ့် အကောင်တဲ့။
အမေကတော့ တစ်မျိုးပြောသည်။
မိုးကြိုးပစ်မယ်သတိထားနေတဲ့။ မိုးကြိုးသည် ကျွန်တော့်အားမပစ်။ ရွာတောင်ပိုင်းက မိဘကိုလုပ်ကျွေးပြုစုနေရှာသော မောင်ကျော်ဆိုသည့် တရားသမားလေးအား ပစ်သွားသည်။ သိကြားမင်းသည် အိုပြီထင်၏။ လက်မတည့်ရှာတော့ပေ။

Friday, August 28, 2015

ဘ၀အောင်မြင်မှု

ဘ၀အောင်မြင်မှု
*************
၁။ ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်မှုဆိုတာကို ရရှိဖို့အတွက် ဘ၀မှာပေးဆပ်ရတဲ့ အရင်းအနှီးတွေက သိပ်ကြီးတတ်တာကို ဘယ်တော့မှ မမေ့ပါနဲ့။
၂။ ဆုံးရှုံးမှုနဲ့ ကြုံရတဲ့အခါ သင်ခန်းစာကိုပါ အဆုံးရှုံးမခံပါနဲ့။
၃။ ဘ၀ရဲ့ ရွှေဥပဒေ သုံးရပ်ကတော့ ……
(က) မိမိကိုယ်ကိုလေးစားပါ
(ခ) သူတစ်ပါးကိုလေးစားပါ
(ဂ) ကိုယ်လုပ်သမျှ အရာအားလုံးအတွက် တာဝန်ယူပါ
၎။ တခါတလေ လိုချင်တာ မရလိုက်တာဟာ ကံကောင်းခြင်းတစ်မျိုးပဲဆိုတာလည်း မမေ့ပါနဲ့ ။
၅။ ဘ၀ရဲ့ စည်းမျဉ်းဥပဒေတွေကို ကြေညက်စွာ နားလည်ပါစေ။ ဒါမှစနစ်တကျ ချိုးဖောက် တထ်နေမှာ။
၆။ ဘာမဟုတ်တဲ့ သဘောထားကွဲလွဲမှုလေး တစ်ခုကြောင့် ခိုင်မြဲတဲ့ သံယောဇဉ်ကို ထိခိုက် မသွားပါစေနဲ့ ။
၇။ အမှားတခုကျူးလွန်လိုက်မိမှန်း သတိထားမိသွားတာနဲ့ ပြင်ဖို့ ချက်ချင်း ကြိုးစားပါ။
၈။ကိုယ့်တစ်ယောက်တည်းနေတဲ့ အချိန်လေးတစ်ချိန်တော့ နေ့တိုင်းရှိနေပါစေ။
၉။ အပြောင်းအလဲကို ရင်ဖွင့်ပြီးကြိုလိုက်စမ်းပါ ။ ဒါပေမယ့် ကိုယ့်တန်ဖိုးတွေကိုတော့ ချမပစ်လိုက်နဲ့ ။
၁၀။ ဘ၀ကိုကောင်းကောင်းမွန်မွန် သိက္ခာရှိရှိ ထူထောင်ပါ ။ အသက်ကြီးလာလို့ ကိုယ့်ဘ၀ကို နောက်ပြန် ငဲ့စောင်း ကြည့်တဲ့အခါ ဒုတိယမ္ပိ ကြည်နူးနိုင်မှာလေ။
၁၁။ တစ်ခါတလေကျတော့လည်း ဆိတ်ဆိတ်နေလိုက်ခြင်းဟာ အကောင်းဆုံးအဖြေပဲဆိုတာ သတိရပါ။
၁၂။ ချစ်သူတွေနဲ့ သဘောထားကွဲလွဲတဲ့အခါ လတ်တလောဖြစ်နေတာကိုပဲ ဦးတည်မိပါစေ။ အတိတ်တွေကို မဖော်မိစေနဲ့ ။
၁၃။ ကိုယ့်အသိပညာကို မျှဝေပေးပါ ။
၁၄။ တစ်နှစ်မှာ တစ်ခါတော့ ကိုယ်မရောက်ဖူးသော အရပ်ဒေသ တစ်ခုကို ရောက်အောင် သွားပါ။
၁၅။ ကိုယ်လိုချင်တဲ့ အောင်မြင်မှုတစ်ခုကို ရဖို့ အတွက် ကိုယ်ဘာတွေနဲ့ ပေးဆပ်ခဲ့ရလဲ ရင်းနှီးခဲ့ရလဲ ဆိုတာနဲ့ပဲ ကိုယ့်အောင်မြင်မှုကို တိုင်းတာပါ။
ထာဝရအလင်းတန်းများ
ကိုယ်ဘာကောင်ကြီးဖြစ်မလဲဆိုတာ
ကိုယ့်ကိုယ်ကို ရှုမြင်သုံးသပ်တဲ့အပေါ်မှာပဲမူတည်တယ် 
ခြင်္သေ့တစ်ကောင်ဖြစ်ချင်ရင်တော့ ၀ံပုလွေနှလုံးသားနဲ့မဖြစ်နိုင်ဘူး ။ 
ကျားတစ်ကောင်ဖြစ်ချင်ရင်တော့ ကြောင်တစ်ကောင်ရဲ့ကြောက်ရွံ့မှုနဲ့မဖြစ်နိုင်ဘူး ။ 
မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်ချင်ရင်တော့ ယုတ်ညံ့တဲ့စိတ်ထားနဲ့မဖြစ်နိုင်ဘူး ။ 
သက်တန့်ချို

Thursday, August 27, 2015

စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း

စိတ်ဓာတ်ကျ နေသူတို့ အတွက် ထိရောက်သော လေ့ကျင့်ခန်း
(၁) ခပ်သွက်သွက် လမ်းလျှောက်ပါ၊ ပြေးပါ
စိတ်ဓာတ် ကျနေရင် အခန်းအောင်းပြီး အိပ်ရာထဲ ခွေမနေပါနဲ့။ ခပ်သွက်သွက် လမ်းထလျှောက်လိုက်ပါ၊ ဒါမှမဟုတ် ပြေးလိုက်ပါ.. ဒါဆိုရင် ခန္ဓာကိုယ်ထဲမှာ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းတွေ အထွက်တိုး လာပါလိမ့်မယ်။ စိတ်တင်းကျပ်နေရင်၊ ဖိစီးမှုများနေရင် စက်ဘီးစီးတာ၊ ပြေးစက်ပေါ်မှာ ပြေးတာ၊ ယောဂကျင့်တာတို့ကို ပြုလုပ်ပေးလိုက်ပါ။ စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင် အထွက်တိုးကာ စိတ်ဓာတ်ကျတာ သက်သာသွားပါလိမ့်မယ်။
(၂) အလေးမ လေ့ကျင့်ခန်း လုပ်ပါ
အလေးမတာက စိတ်ဓာတ်ကျတဲ့ လက္ခဏာတွေကို လျော့ပါးစေသလို စိတ်ရော ကိုယ်ပါ ကျန်းမာစေတဲ့ နည်းပါ။ အလေးမတာကြောင့် ကြွက်သားတွေ သန်စွမ်းကျစ်လျစ်ကာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုကို ကောင်းစေပြီး ခန္ဓာကိုယ်ကို သန်စွမ်း ကျန်းမာစေပါတယ်။
(၃) နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ
တစ်နေ့မှာ အနည်းဆုံး မိနစ် ၃၀ အချိန်ပေးပြီးတော့ လေ့ကျင့်ခန်းလုပ်ပါ။ ကာကွယ်မှုဆိုင်ရာ ဂျာနယ်ရဲ့ လေ့လာမှုအရ ပုံမှန် လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ကို တည်ဆောက်ပြီးချိန်မှာ စိတ်ဓာတ်ကျစရာ အကြောင်းတွေ ရှိလာရင်တောင် စိတ်ဓာတ်ကျတဲ့ အတွေးမျိုး မဝင်စေဘူးလို့ သိရပါတယ်။
(၄) ဆေးဝါးအစား လေ့ကျင့်ခန်းကို အစားထိုး လုပ်ဆောင်ပါ
သင်က လတ်တလော အခြေအနေမှာ ယာယီ စိတ်ကျတဲ့ အခြေအနေအတွက် ဆေးဝါးတွေကို မှီဝဲနေတယ်ဆိုရင် ဒါမှမဟုတ် ကုသမှု ခံယူနေတယ်ဆိုရင် လေ့ကျင့်ခန်းကို တွဲလုပ်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးပါ။ ကာကွယ်မှုဆိုင်ရာ ဆေးဂျာနယ်မှ လေ့လာမှုအရ စိတ်ဓာတ်ကျနေသူတွေဟာ တစ်ပတ်မှာ အနည်းဆုံး သုံးနာရီ လေ့ကျင့်ခန်း လုပ်တဲ့အခါ ဆေးကုတာနဲ့ ယှဉ်ရင် ပိုပြီး သိသိသာသာ သက်သာလာကြောင်း တွေ့ရပါတယ်။
(၅) စိတ်ဓာတ်ကျမှု ပြန်မဖြစ်ရန် ပုံမှန် လေ့ကျင့်ခန်းလုပ်သော အလေ့အထ ဖန်တီးပါ
ပုံမှန် လေ့ကျင့်ခန်း လုပ်တာကြောင့် စိတ်ဓာတ်ကျတာကို တွန်းလှန်နိုင်ရုံသာမက စိတ်ဓာတ်ကျမှု ထပ်မံ မဖြစ်အောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ စိတ်ဓာတ်ကျတာက ဘဝမှာ နည်းအမျိုးမျိုးနဲ့ ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။ စိတ်ဓာတ်ကျနေရင် အရာရာကို ရှင်းရှင်းလင်းလင်း တွေးခေါ်နိုင်မှု မရှိသလို စွမ်းအင်တွေလည်း ကျဆင်းကာ ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေတတ်ပါတယ်။ ဒီလို မဖြစ်စေဖို့ ပုံမှန် လေ့ကျင့်ခန်းလုပ်ပြီး စိတ်ကျဝေဒနာ မဖြစ်အောင် ကာကွယ်လိုက်ပါ။ 
GOOD HEALTH


Wednesday, August 26, 2015

လွန်ဆွဲပွဲသမိုင်း

"လွန်ဆွဲပွဲသမိုင်း"
မိုးခေါင်ကျော်စွာနတ် မိုးခေါင်သောအခါ မိုးခေါင်ကျော်စွာနတ်ကို ပသ၍ လွန်ဆွဲလေ့ ရှိကြသောကြောင့် မြန်မာနိုင်ငံ အရပ်ရပ်ကပင် မိုးခေါင်ကျော်စွာနတ်ကို သိလည်း သိကြသည်၊ စိတ်လည်းဝင်စားကြသည်၊ ယင်း မိုးခေါင်ကျော်စွာနတ်မှာ ပုဂံခေတ်ကပင် ပေါ်ပေါက်လာခဲ့သော နတ် ဖြစ်သည်။ ပုဂံခေတ်၌ ကုလားကျမင်းဟု အမည်ရသော နရသူမင်း (၅၂၉-၅၃၃) လက်ထက်တွင် ရှင်မထီးဆရာတော် ထွက်ရပ်ပေါက်သဖြင့် ပုဂံတပြည်လုံး ရွှေမိုး ငွေမိုး ရွာခဲ့ဘူးကြောင်း သမိုင်းအစဉ်အလာ ပြောစမှတ် ပြုခဲ့ကြသည်။ စင်စစ် ရှင်မထီးဆရာတော်သည် နရသူမင်း မဖြစ်မီ နရသူ၏ ခမည်းတော် အလောင်းစည်သူမင်းကြီး (၄၇၄-၅၂၆) လက်ထက်ကပင် ဖိုထိုးခဲ့ရာ ပုဂံပြည် မှူးမတ် သူဌေး သူကြွယ် တို့က ရွှေ ငွေ လှူဒါန်း ထောက်ပံ့ခဲ့ကြသည်။ ယင်းကဲ့သို့ လှူဒါန်း ထောက်ပံ့ကြသူများ အနက်ရှင်မထီးဆရာတော်အား အထူး စေတနာထက်သန်စွာဖြင့် အမြဲတမ်း လှူဒါန်း ထောက်ပံ့နေကြသူများမှာ ကျောင်းဒါယကာ သူကြွယ် မောင်ကျော်စွာ နှင့် ဇနီး မယ်သော်တာတို့ ဖြစ်ကြသည်။ရှင်မထီးဆရာတော် ဖိုထိုးသော ဓာတ်လုံးမှာ ပြဒါးလုံးဖြစ်သည်၊ ထွက်ရပ်ပေါက် ကိစ္စ အတွက် ကြိုးကြိုးစားစား ဖိုထိုးပါသော်လည်း အောင်မြင်မှု မရှိပေ၊ ပျက်ဖန်များလာသောကြောင့် လှူဒါန်းထောက်ပံ့ကြသော ဒကာ ဒကာမများ အများအပြားမှာ ပစ္စည်းဥစ္စာ ဆုတ်ယုတ်ကုန်ကြသည်၊ နောက်ဆုံး မောင်ကျော်စွာနှင့် မယ်သော်တာတို့ ဇနီးမောင်နှံ နှစ်ဦးကသာ ဒိုင်ခံ၍ ရှိရှိသမျှ ပစ္စည်းများကို ထုခွဲရောင်းချ လှူဒါန်း ထောက်ပံ့နေရတော့ရာမှ မောင်ကျော်စွာနှင့် မယ်သော်တာတို့ ဇနီးမောင်နှံပင် သူကြွယ်ဘ၀မှ သူရင်းငှားဘ၀သို့ ရောက်ရှိသွားရသည် အထိ အခြေအနေ ဆိုးရွားခဲ့ရပေသည်၊ သို့တိုင်အောင်လည်း ရှင်မထီးဆရာတော်၏ ပြဒါးလုံးမှာ အောင်မြင်မှု မရရှိသေးပေ။ ထိုအချိန်၌ အလောင်းစည်သူမင်းကြီး နတ်ရွာစံပြီးနောက် သားတော် နရသူမင်း နန်းစံချိန်တွင် ဖြစ်သည်၊ ရှင်မထီးဆရာတော်သည် ဒကာ ဒကာမများထံမှ ရွှေ ငွေ ပစ္စည်း လှူဘွယ်ဝတ္ထုများ မရသည့် အဆုံး၌ နရသူမင်းထံ အလှူခံရာ နရသူမင်းကလည်း "သူ အကျိုးခံစားရမည်" ဟု မျှော်ကိုး ယူဆယုံကြည်ကာ ရက်ရှည် လများပင် လှူဒါန်းခဲ့ပြန်သည်၊ သို့သော် ဆရာတော်၏ ပြဒါးဓာတ်လုံးကား မအောင်မြင်ခဲ့ပေ၊ နောက်ဆုံး၌ နရသူမင်းမှာ အမျက်ဒေါသကြီးသူ ဖြစ်ရကား သည်းမခံနိုင်တော့ဘဲ မင်းချင်းတို့အား ဆရာတော် ရှင်မထီး၏ မျက်စိနှစ်လုံးကို ဖောက်ထုတ်စေခဲ့သည်။ ဤတွင် ဆရာတော် ရှင်မထီးသည် သူ၏ ပြဒါးလုံးကို စိတ်နာလှရကား ကျောင်း၌ နေသော သူတော်အား ကုဋီအိမ် မစင်တွင်းထဲသို့ ပစ်ချခိုင်းလိုက်သည်၊ ခိုင်းသည့် အတိုင်းပင် မစင်တွင်းထဲသို့ ပစ်ချလိုက်ရာ မစင်တွင်းသို့ ရောက်သည်နှင့် တပြိုင်နက် ပြဒါးလုံးမှာ သိဒ္ဓိပေါက်ပြီး တ၀င်းဝင်း တလက်လက် အရောင်များ ထွက်ကာ ထိန်လင်း ၀င်းလက်သွားတော့သည်၊အမှန်မှာ "ချေးရည်နှင့် စိမ်ရမည်" ဟူသော အညွှန်းစာကို "ချဉ်ရည်နှင့် စိမ်ရမည်" ဟုမှားမှားယွင်းယွင်း ဖတ်ရှု လုပ်ကိုင်နေမိသဖြင့် ယခုလို ချေးရေ (မစင်ရေ) နှင့် ထိတွေ့လိုက်ရသောအခါတွင်မှ အညွှန်းအတိုင်း ကိုက်ညီလာသဖြင့် သိဒ္ဓိ ပေါက်သွားခြင်း ဖြစ်သည်။ ယင်းကဲ့သို့ ပြဒါးလုံး ၀င်းဝင်းတောက် သွားကြောင်းကို သူတော်က ဆရာတော် ရှင်မထီးအား ပြေး၍ လျှောက်ထားသည်။ဆရာတော်မှာ သူ၏ ပြဒါးလုံး သိဒ္ဓိပေါက်ပြီ ဟု သိရှိလိုက်သဖြင့် ၀မ်းအမြောက်ကြီး မြောက်ကာ မစင်တွင်းသို့ တွဲပို့စေပြီး ပြဒါးလုံးကို ဆယ်ယူ၍ အမွှေးနံ့သာတို့ဖြင့် ဆေးကြောစေခဲ့သည်၊ တဆက်တည်းပင် သူတော်ကိုလည်း ဈေး၌ ရရာမျက်လုံး တစုံကို ၀ယ်ယူရန် စေခိုင်းလိုက်သည်။ သို့သော် အချိန်လင့်နေပြီ ဖြစ်သောကြောင့် ဈေး၌ မျက်လုံးတမျိုးတည်း စုံမရဘဲ ဆိတ်မျက်လုံး တလုံးနှင့် နွားကလေးမျက်လုံး တလုံးသာ ရခဲ့သဖြင့် ယင်းမျက်လုံး ၂-လုံးကို ဆရာတော်အား ဆက်ကပ်လိုက်သည်၊ ဆရာတော်ကလည်း ရလာသော ယင်းဆိတ်နှင့် နွားမျက်လုံး ၂-လုံးကိုပင် ဟောက်တောက်ကန်းနေသော မျက်လုံး အတွင်းသို့ ဖိသွင်းလိုက်ပြီး သူ၏ ပြဒါးလုံးနှင့် ပွတ်သတ်လိုက်ရာ ကန်းသွားသော မျက်စိနှစ်လုံးမှာ ပကတိအတိုင်း ပြန်မြင်လာခဲ့သည်၊ ပြန်မြင်လာသော်လည်း ယင်းသို့ ဆိတ်မျက်စိတဖက်-နွားမျက်စိ တဖက် ဖြစ်နေသောကြောင့် ထိုအခါမှ စ၍ ဆရာတော် ရှင်မထီးမှာ "ရှင်အဇ္ဈဂေါဏ" ဟူသော ဘွဲ့အမည်သစ်ကို ရရှိခဲ့သည်။ ထိုအခါ ရှင်အဇ္ဈဂေါဏသည် သူ၏ ထွက်ရပ်ပေါက် လုပ်ငန်းကို ဆက်လက် ကြိုးစားရန် အတွက် ထွက်တော့မည် ဖြစ်၍ ပုဂံပြည်တွင် ရှိသော သူ၏ ဒကာရင်း ဒကာမရင်းများအား မ,စ ထားခဲ့လိုသောကြောင့် ကြေးရည် ခဲရည်တို့ကို ကျိုစေပြီးလျှင် သူ၏တောင်ဝှေးဖျား၌ ပြဒါးလုံးကို တပ်ကာ ယင်းကြေးရည် ခဲရည်များကို မွှေလိုက်လျှင် ကြေးရည် ခဲရည် အဖြစ်မှ ရွှေရည် ငွေရည် အဖြစ်သို့ ပြောင်းလဲ ရောက်ရှိ ကုန်ကြသည်၊ ထိုအချိန်က ပုဂံပြည်၌ ရွှေမိုး ငွေမိုး ရွာသည်ဟုပင် ယခုတိုင်အောင် သမိုင်း အစဉ်အလာ ပြောစမှတ် ပြုခဲ့ကြရသည်၊ ပြောစမှတ် ပြုရလောက်အောင်လည်း ဟုတ်သဖြင့် ကြေးခဲ အနည်းငယ်သာ ရှာဖွေနိုင်သော မုဆိုးမများသည်ပင် ဘုရားတဆူ တည်နိုင်လောက်အောင် ကြွယ်ဝ ချမ်းသာခဲ့ပေသည်။ ယင်းကဲ့သို့ ပုဂံပြည် ဒကာ ဒကာမများကို သူဌေး သူကြွယ် ဖြစ်အောင် မ,စ ခဲ့ပြီးနောက် ဆရာတော် ရှင်အဇ္ဈဂေါဏသည် ပုပ္ပားတောင်ဖက်သို့ ထွက်ကြွတော်မူသည်၊ သူ့မျက်လုံးကို ဖောက်ပစ်ခဲ့သော နရသူမင်းကိုကား စိတ်နာလှသဖြင့် အကြောင်းမျှ မကြားခဲ့ပေ။ ပုဂံတပြည်လုံး အုံးအုံးကြွက်ကြွက် ရွှေမိုး ငွေမိုး ရွာနေသော အချိန်၌ ကံခေလှသော မောင်ကျော်စွာနှင့် မယ်သော်တာ ဇနီး မောင်နှံတို့မှာ မြို့တွင်း၌ မရှိကြပေ၊ မြို့နှင့် ဝေးကွာလှသော တောင်ယာ ပဲခင်းများ၌ တောင်သူလုပ်နေကြရသဖြင့် ဆရာတော် ရှင်အဇ္ဈဂေါဏနှင့် မတွေ့လိုက်ကြရပေ။ သို့သော် ဆရာတော် ရှင်အဇ္ဈဂေါဏသည် ထွက်ရပ်ပေါက် ပညာစခန်းကို အဆင့်အတန်း အမြင့်ဆုံး အထိ ကိစ္စ ပြီးဆုံးအောင်မြင်ပြီးနောက်၌ကား မောင်ကျော်စွာနှင့် မယ်သော်တာတို့ ရှိရာ အရပ်သို့ ကြွလာပြီး မြောက်မြားလှစွာသော ရွှေ ငွေ ရတနာ အဖြာဖြာတို့ကို ပေးအပ် ချီးမြှင့်ရာ မောင်ကျော်စွာနှင့် မယ်သော်တာတို့မှာလည်း နောက်ဆုံး အချမ်းသာ အကြွယ်ဝဆုံး အဖြစ်ဖြင့် ပုဂံတွင် ထင်ရှားကျော်ကြား လာခဲ့သည်။ဆရာတော် ရှင်အဇ္ဈဂေါဏသည် ဖိုဝင်ရန် အချိန် ဆိုက်ရောက်လာ၍ တပည့်ကောင်း လိုလာသည်၊ ထို့ကြောင့် တနေ့တွင် မောင်ကျော်စွာကို လိုက်ပါရန် လာရောက် ခေါ်ငင်ရာ ထိုအချိန်က မောင်ကျော်စွာမှာ အိမ်၌ မယားဖြစ်သူ မယ်သော်တာလည်း မရှိခိုက် ဖြစ်သည့်ပြင် သားကလေး ၀ံသာကိုလည်း တစ်ယောက်တည်း ထားပစ်ခဲ့ရန် မဖြစ်နိုင်သဖြင့် ပြန်လည် လျှောက်ထားလိုက်သည်။ဆရာတော် ရှင်အဇ္ဈဂေါဏလည်း မည်သို့မျှ ပြန်လည် မမိန့်ကြားတော့ဘဲ မယ်သော်တာရှိရာ ယာခင်းသို့ ကြွသွားပြီး တပည့်အဖြစ်လိုက်ရန် ခေါ်ရာ မယ်သော်တာမှာ မိမိ ကိုယ်တိုင် ၀ိဇ္ဇာဖြစ်ရမလောက် ၀မ်းမြောက် ၀မ်းသာဖြင့် ချက်ချင်းပင် လိုက်ပါသွားခဲ့သည်။ ယင်းသို့ မယ်သော်တာ လိုက်သွားပြီးနောက် ဆရာတော်ရှင်အဇ္ဈဂေါဏ အပေါ် ရန်ညှိုး ဖွဲ့ထားသော နရသူမင်းသည် မောင်ကျော်စွာ နှင့် သား မောင်ဝံသာတို့ကို ဖမ်းဆီးကာ ဆရာတော်ရှိသော အရပ်ကို မေးမြန်းခြင်း-မောင်ကျော်စွာ ကိုယ်တိုင်ပင် ရွှေ ငွေ ဖြစ်သည်ဟု ယုံကြည်နေခြင်းတို့ကြောင့် ယင်း ကိစ္စများ မပေါ် ပေါ်အောင် နှိပ်စက် စစ်ဆေးခဲ့ရာမှ လက်လွန်ကာ မောင်ကျော်စွာနှင့် သား ၀ံသာတို့ သေဆုံးခဲ့ရရှာပြီး ကျော်စွာနတ်ဖြစ်လာသည်။မယ်သော်တာမှာမူ ဆရာတော် ဖိုဝင်ရာ၌ စောင့်ရှောက်ပြီးနောက် ၀ိဇ္ဇာ ဖြစ်သွားသည်ဟု အချို့က ယူဆကြသည်၊ အချို့ကလည်း လင်ဖြစ်သူ မောင်ကျော်စွာနှင့် သား ၀ံသာတို့ သေဆုံးသောကြောင့် သောကမီး တောက်ကာ ၀တ်ကြောင်ကို မုန်းပြီး ပုပ္ပားတောင်၌ ရသေ့မ ပြုလုပ် နေထိုင်ခဲ့သည်ဟု ယူဆကြသည်။ကျော်စွာနတ် ဖြစ်လာသော အခါ၌ ပုဂံဘုရင်နရသူနှင့် မှူးမတ် စသူတို့ကို များစွာ စိတ်နာသောကြောင့် ၎င်း နတ်ဖြစ်နေသော ပုပ္ပားတောင် ကလပ်စွန်းမှ နေ၍ ပင်လယ်ဖက်မှ တက်လာသော မိုးသား တိမ်တိုက်တို့ကို တန်ခိုးဖြင့် ဖယ်ရှား ပစ်နေရာ ပုဂံပြည်တွင်း မိုးခေါင်သည့် အဖြစ်သို့ ဆိုက်ရောက်ခဲ့ရသည်။ ဤတွင် နရသူမင်းနှင့် တကွ ပြည်သူတို့က နတ်ကန္နားပေးကာ ၃၇-မင်း နတ်များကို မေးမြန်း ခဲ့ကြသည်၊ ၃၇-မင်းနတ်များကလည်း "၎င်းတို့ထက် တန်ခိုးကြီးသော ကျော်စွာနတ်၏ လက်ချက်ကြောင့် ဖြစ်ကြောင်း" ပြန်လည် ဖြေကြားခဲ့သည်။
ထို့ကြောင့် နရသူမင်းသည် ကျော်စွာနတ်ကို ပင့်ကာမှားကြောင်း ၀န်ချ တောင်းပန်ရာ ကျော်စွာနတ်က "နရသူမင်း လွန်ကြောင်းကို ပြည်သူပြည်သား အားလုံး သိအောင် လွန်ကြိုးကို တဖက်တချက် ဆွဲကြ၍ လွန်ခေါင်းပေါ်က မိမိစီးရမှ ကြေနပ်နိုင်မည်" ဟု ပြောဆိုသည်၊ သို့ဖြင့်ပင် ယခုတိုင်အောင် လွန်ဆွဲသော အခါ လွန်ခေါင်းတပ်ပွဲ ပေး၍ ဆွဲကြရခြင်း ဖြစ်သည်။ မိုးခေါင်လျှင် ယင်းကဲ့သို့ လွန်ဆွဲ ပသရသောကြောင့် မိုးခေါင် ကျော်စွာနတ် ဟု ထင်ရှားခဲ့သည်။
၃၇မင်းနှင့်နတ်မျိုးစုံ ---ဦးကံမင်း

ကြက်မောက်သီး အကြောင်းသိကောင်းစရာ

*** ကြက်မောက်သီး အကြောင်းသိကောင်းစရာ ***
===================================
Sapindaceae မျိုးနွယ်ဝင်ဖြစ်သော၊ ကြက်မောက်သီးပင်၏ ရုက္ခဗေဒအမည်မှာ Nephelium
lappaceum ဖြစ်ပြီး၊ အပူပိုင်းဒေသတွင် ကောင်းစွာဖြစ်ထွန်းကြပါသည်။
စိုစွတ်သောရသီဥတုကိုကြိုက်နှစ်သက်ပါသည်။ အပင်မြင့်အမျိုးအစားမဟုတ်သော်လဲဘဲ၊
အကိုင်း အခက်များဖြင့် ဘေးသို့ ဖြာထွက်ကာ၊
အသီးထွက်ရှိနှုန်းအားလည်းကောင်းပါသည်။ အပင်၏ပုံစံက Chirstmas သစ်ပင်နှင့်ဆင်တူ
ပါသည်။ အရွက်အညှာမှ အပြွတ်လိုက်၊ အခိုင်လိုက် အသီးသီးလေ့ရှိပါသည်။ အရွက်များက
အတော်အတန်ရှည်ပြီး၊ ရွက်ညှာများမှာ ၃-ရွက် မှ ၁၁-ရွက်ခန့် ထိရှိတတ်ပါသည်။
အကိုင်းထိပ်ဖျားတွင် ရနံ့ သင်းသော အမြွှာစုံ စိမ်းဖန့် ဖန်
့ပန်းကလေးတွေဖူးပွင့်ကြပါသည်။ ကြက်မောက်သီး၏ ပုံသဏ္ဍာန်မှာ အတန်ငယ်လုံးဝန်းသော
ကြက်ဥပုံ ဖြစ်ပါသည်။ ယေဘုယျအားဖြင့် အမွှေးရှည်လေးများဖုံးအုပ် ထားသော
ကြက်မောက်သီးအခွံသည် အနီရောင်ရှိပြီး၊ တစ်ခါတစ်ရံတွင်
ဝါလိမ္မော်သန်းသောအနီရောင်အခွံတို့ ကိုလဲတွေ့ ရတတ်ပါ သည်။
အသီးရင့်မှည့်သွားပါက၊ နီညိုရောင်သို့ ပြောင်းသွားပါသည်။ အတွင်းထဲရှိ
အသီးအနှစ်က အဝါရောင်သန်းသော အဖြူရောင် ဖြစ်ကာ ချိုမြမြအရသာရှိပါသည်။
ထိုအသီးအနှစ်၏အောက်တွင် အညိုနုရောင်သန်းသော အတန်ငယ်ကြွပ်ဆတ်သည့် အစေ့တစ်လုံး
ပါရှိပါသည်။ အစေ့သည် ခါးသက်သက်အရသာရှိပြီး၊ ဆေးဘက်ဝင်ပါသည်။ အခွံစိမ်းသော
ကြက်မောက်သီးတို့ သည် အတန်ငယ် ချဉ်ပါသည်။ အသီးနုသောအခါမှာ အသားနှင့်အစေ့တို
့သည် ကပ်နေကြပြီး၊ အသီးရင့်မှည့်သောအခါမှာတာ့ အစေ့ဖယ်စားရန် လွယ်ကူပါသည်။
ကြက်မောက်သီးအစေ့မှ ဖယောင်းတိုင်နှင့် ဆပ်ပြာတို့  ပြုလုပ်ကြပါသည်။
ပိုးထည်အစများကို အစိမ်းရောင်ဆိုးရန် အတွက်၊ ကြက်မောက်သီးပင် ၏ အမြစ်ကို
အသုံးပြုနိုင်ပါသည်။ အသီးခွံကိုတော့ ပိုးထည်များတွင် အနက်ရောင်ဆေးဆိုးရန်
အသုံးပြု ကြပါသည်။ ကြက်မောက်ပင်၏ပင်စည်ကို အိမ်ဆောက်လုပ်ရာတွင်
အသုံးပြုနိုင်ပါသည်။ ထို့ ကြောင့် ကြက်မောက်သီးသာမက၊ အပစ်တစ်ပင်လုံး
အသုံးဝင်ပါသည်။
အထူးသဖြင့်ကမ္ဘာပေါ်တွင် မလေးရှားနှင့် အင်ဒိုနီးရှားတို့မှာ ကြက်မောက်သီး
ထွက်ရှိမှုအားကောင်းပြီး ၊ ယိုးဒယား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊
တောင်အာရှ နိုင်ငံများနှင့် ဘိုနီယို၊ အာဖရိက၊ အီကွေဒေါ၊ သြစတြေးလျ၊
အမေရိကအလယ်ပိုင်း နှင့် ကာရေဘီယံကျွန်းဆွယ်တို့ တွင်လည်း ကျယ်ကျယ် ပြန့် ပြန်
့စိုက်ပျိုးလျှက်ရှိကြပါသည်။ ကြက်မောက်သီးကို သူ့ နေရာဒေသအလိုက်
အမည်နာမခေါ်ဆိုပုံခြင်းမတူညီကြပါ။ အင်္ဂလိပ် အမည်အားဖြင့် Rambutan ဟုခေါ်သော
ကြက်မောက်သီးမှာ၊ အမှန်တကယ်တော့ မလေးရှားဘာသာစကားမှ ဆင်းသက်လာခြင်းဖြစ်
ပါသည်။ မလေးရှာတွင် ကြက်မောက်သီး ကို အမွှေးထူသောအသီး (၀ါ) Rambutan
ဟုခေါ်ကြခြင်းဖြစ်ပါသည်။ ပနားမား၊ ကိုစတာရီကာ၊ နှင့် နီကာရာဂွါး
နိုင်ငံများတွင် "mamon chino" ဟူ၍လည်းကောင်း၊ ထိုင်းနိုင်ငံ တွင် "ngoh"
ဟူ၍လည်းကောင်း၊ ပြင်သစ် နိုင်ငံတွင် "ramboutan (or) ramboutanier"
ဟူ၍လည်းကောင်း၊ အိန္ဒိတွင် "ramboostan" ဟူ၍လည်းကောင်း၊ တရုပ်တွင် "Shao tzu"
ဟူ၍လည်းကောင်း၊ ဗီယက်နမ်တွင် "chom chom (or) vai ဟူ၍ လည်းကောင်း၊
အမျိုးမျိုးခေါ်ဆိုကြပါသည်။ မြန်မာပြည်မှာတော့ ကြက်မောက်သီး
လှိုင်လှိုင်ထွက်ရှိရာဒေသမှာ မွန်ပြည်နယ် ကျိုက်မရောမြို့ နယ်ရှိ နတ်စမ်းကျေးရွာ
ဖြစ်ပါသည်။ ထိုကျေးရွာတွင် ပုံမှန်အစေ့ပါသော ကြက်မောက်သီး နှင့်
အစေ့လွတ်နတ်စမ်း ကြောက်မောက်သီးဟူ၍ ၂-မျိုး ထွက်ရှိပါသည်။
အစေ့လွတ်ကြက်မောက်သီးများသည် ယိုးဒယားကြက်မောက်သီးကဲ့သို့  အချိုစူးရှ ပါသည်။
မြန်မာပြည်တွင် ကြက်မောက်သီးကို သွားရည်စာအသီးအဖြစ်သာ အစားများလေ့ရှိကြပါသည်။
ကြက်မောက်သီးယို၊ သီးစုံဒိုမီနို၊ သံဗူး စသည်ဖြင့် လဲ စားသုံးနိုင်ပါသည်။
ကြက်မောက်သီးပင်မှ လူသားတို့ အတွက် အာဟာရပြုပေးနိုင်ပုံကို Institute of
Medicine က ယခုလို အကြံပြုထားပါသည်။ ကြက်မောက်သီးသာမက၊ အရွက်၊ အသီးခွံ၊ အစေ့၊
ပင်စည် နှင့် အမြစ် တို့ လဲဆေးဘက်ဝင်ကြပါသည်။ ပင်စည်ထဲတွင် saponin, tannin,
iron, pectin နှင့် flavonoids တို့ ပါရှိကြပြီး၊ အစေ့ထဲတွင် polifenol နှင့်
fat တို့ ပါရှိပါသည်။ ၁၀၀ ဂရမ်ရှိသော ကြက်မောက်သီး တစ်ခွက်စာ ပမာဏတွင်၊
လူသားတို့ ကျန်းမာရေးအတွက်ခွန်အားဖြစ်စေသော ပရိုတင်း ၁.၀ ဂရမ်၊ ကဆီဓာတ် ၃၁.၃
ဂရမ်၊ အမျှင်ဓာတ် ၁.၄ ဂရမ်၊ သီအာမင် ၀.၀၁ ဂရမ်။ ဗိုက်တာမင်စီ ၇.၄ မီလီဂရမ်၊
ဆိုဒီယမ် ၁၆.၅ ဂရမ်၊ ပိုတက်စီယမ် ၆၃.၀ ဂရမ်၊ ကယ်လ်စီယမ် ၃၃.၀ မီလီဂရမ်၊
ဗိုက်တာမင်အေ ၄.၅ IU နှင့် သံဓာတ် ၀.၅ မီလီ ဂရမ် တို့ ပါရှိပါသည်။
ပြည့်ဝဆီနှင့် ကိုလက်စထရောတို့ လုံးဝမပါရှိကြပါ။ ကြက်မောက်သီးတွင် သကြားဓာတ်၊
အထူးသဖြင့် ဖရက်တို့စ် နှင့် ဆူးခရို့စ်တို့ များစွာပါဝင်ပြီး၊
ကယ်လိုရီပါဝင်မှု နည်းပါသည်။ ထို့ ကြောင့် ယခုလို အာဟာရတန်ဘိုးများစွာ
ပါဝင်သည့် ကြက်မောက်သီးကို စားပေးခြင်းဖြင့် အောက်ပါ
ကျန်းမာရေးစွမ်းပကားများကို ရရှိစေနိုင်မည် ဖြစ်ပါသည်။
1. ကြက်မောက်သီးကို မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများတွင်
ရိုးရာဆေးစွမ်းတစ်လက်အဖြစ် ရှေးနှစ်ရာပေါင်းများစွာ ကတည်း ကပင် ဆီးချိုရောဂါ၊
သွေးတိုးရောဂါနှင့် တခြားနာမကျန်းဖြစ်မှုများစွာကို ကုသရာတွင်
အသုံးပြုခဲ့ကြပါသည်။
2. ကြက်မောက်သီးတွင် ဗီတာမင်စီနှင့် ဘီတာကယ်ရိုတင်းတို့အပြင်၊ ဖလေဗိုနွိုက်
(ခေါ်) အပင်မှထွက်ရှိသော ဓာတ်တိုးဆန့် ကျင် ပစ္စည်းလည်း ပေါများစွာပါရှိကြောင်း၊
ထိုဖလေဗိုနွိုက်သည် သွေးအတွင်းမကောင်းသော ကိုလက်စထရောများကို လျော့ကျစေခြင်း၊
ကင်ဆာရောဂါများဆန့်ကျင်တိုက်ထုတ်ပေးခြင်း၊ ရောင်ရမ်းမှုတို့ ကို လျော့ကျစေခြင်း
.. စသည်ဖြင့် ဆေးစွမ်းထက်မြက်ကြောင်း ထိုင်း နိုင်ငံရှိ Chiang Mai University
မှ စမ်းသပ်ဖော်ထုတ်ခဲ့ပါသည်။ ထိုအစွမ်းတို့ ကြောင့် ယခုအခါ ကြက်မောက်သီး
Extract ကို ဆေးဝါးထုတ်လုပ်လျှက်ရိပါသည်။
3. ကြက်မောက်သီးအခွံထဲတွင် Gallic အက်ဆစ်တစ်မျိုးပါဝင်ပြီး၊ ထိုအက်ဆစ်က
ခန္ဓာကိုယ်ထဲတွင်ဖရီးရယ်ဒီကယ် များကြောင့် ထိခိုက်မှုတွေမဖြစ်လာအောင်
ကာကွယ်ပေးပါသည်။
4. ကြက်မောက်သီးထဲတွင် ဗီတာမင်စီ များစွာပါဝင်ပါသည်။ ကြက်မောက်သီး ၁၂
လုံးထဲတွင် အက်စ်ကောဘစ်အက်စစ် (Ascorbic Acid) ၇၅-၉၀ မီလီဂရမ်ပါဝင်ပြီး၊
လူတစ်ယောက်၏ တစ်နေ့တာ လိုအပ်သော ဗီတာမင်စီထက် နှစ်ဆကျော် ရှိပါသည်။
ဗီတာမင်စီသည် ခန္ဓာကိုယ်ဆဲလ်များကို ဖရီးရယ်ဒီကယ်ကြောင့် ထိခိုက်မှုမှ
ကာကွယ်ပေးနိုင်ပြီး၊ သံဓာတ်စုပ်ယူနိုင်အောင်လည်း ကူညီပေးပါသည်။
5. ကြက်မောက်သီးထဲတွင် သွေးနီဥနှင့် သွေးဖြူဥများပြုလုပ်ရာတွင် လိုအပ်သော
ကြေးနီဓာတ် အသင့်အတင့် ပါရှိပါသည်။
6. သွေးတိုးရောဂါ ဝေဒနာသည်များသည် တစ်နေ့ လျှင် ကြက်မောက်သီး ၈-လုံးမှ
၁၀-လုံးခန့် စားပေးသင့်ပါသည်။ အစေ့ထဲတွင် hypoglycemic ဓာတ်ပါရှိခြင်းကြောင့်
သွေးထဲရှိသကြားပမာဏကိုကျဆင်းစေပါသည်။
7. ကြက်မောက်သီးက လူတစ်ဦးလျှင် တစ်နေ့ တာလိုအပ်သော သံဓာတ်ပမာဏ၏ ၁၃.၈ %
ကျော်ကို ထောက်ပံ့ပေးနိုင်ပါသည်။ ထို့ ကြောင့် သံဓာတ်အရင်းအမြစ်တို့ စုဝေးရာ
ကြက်မောက်သီးကိုစားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက်လိုအပ်သော အောက်ဆီဂျင်
ပမာဏကို ဖြည့်စွက်ပေးနိုင်ပြီး၊ မူးဝေခြင်း၊ နုံးချည့်ပင်ပန်းခြင်း၊
ဖျော့တော့နွမ်းနယ်ခြင်းစသည့် သံဓာတ်အားနဲခြင်းကြောင့် ဖြစ်တတ် သော
သွေးအားနည်းရောဂါ တို့ ကို ကာကွယ်ပေးနိုင်ပါသည်။
8. ကြက်မောက်သီး တစ်ခွက်စာ ပမာဏကို စားသုံးသောအခါ၊ တစ်နေ့တာ လိုအပ်သည့်
ဖော့စ်ဖရပ်စ် ၄.၃% ကို ရရှိစေသည့် အတွက်၊ ကျောက်ကပ်ကို
ကောင်းစွာအလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးပါသည်။ ကျောက်ကပ်ကိုလည်းသန်
့စင်စေပါသည်။
9. ကယ်လ်စီယမ်ဓာတ် ပါရှိခြင်းကြောင့် သွားနှင့်အရိုးများကိုခိုင်ခန့် စေပါသည်။
10. ကြက်မောက်သီးကို စားပေးခြင်းဖြင့် အူလမ်းကြောင်းရှိ ကပ်ပါးကောင်များကို
သေစေနိုင်သည့်ပြင် ၊ ၀မ်းလျှော/၀မ်းပျက်ခြင်း ဝေဒနာတို့  ကိုလည်း
သက်သာစေကြောင်း The Online Culinary School website မှ အကြံပြုထောက်ခံထားပါသည်။
11. ကြက်မောက်သီးအစေ့ကို သူ့ ချည်းဘဲ အစိမ်းလိုက်ဝါးစားနိုင်သလို၊
ကြိတ်ချေပြီးအခြားအစားအစာတို့ နဲ့  တွဲဘက်စားပေးခြင်း ဖြင့်
ခန္ဓာကိုယ်အဆီများကို ထိထိရောက်ရောက် ချပေးနိုင်ပါသည်။ ထို့ ပြင်
အသားအရည်ကိုကျန်းမာစေပြီး အထူးသဖြင့် မျက်နှာ အသားအရည်ကို နူးညံ့ချောမွေ
့စေပါသည်။ (လူအချို့ ကတော့ ကြက်မောက်သီးအစေ့နှင့် မွေးရာပါ
ဓာတ်မတည့်မှုများရှိတတ်သဖြင့် သတိပြု၍ စားသုံးသင့်ပါသည်)
12. ကြက်မောက်ပင်အရွက်ကိုထောင်းထု၍ အနာအုံဆေး အဖြစ်လည်ကောင်း၊
အသားအရေခြောက်သွေ့ ခြင်းအတွက် lotion အဖြစ်လည်းကောင်း အသုံးပြုနိုင်ပါသည်။
ခေါင်းကိုက်သောအခါတွင် ကြက်မောက်ပင်အရွက်ကို နားထင်ပတ်လည်တွင်
ထောင်းအုံပေးခြင်းဖြင့်လဲ ဝေဒနာများ သက်သာလာစေနိုင်ပါသည်။ ထို့ ပြင်
ကြက်မောက်သီးအရွက်ကိုသန့် စင်အောင်ဆေးကြောပြီး၊ ရေအနဲငယ်ထဲ့၍ ကြိတ်ချေပါ။
ထိုအနှစ်ကို အ၀တ်သန့် သန့် ဖြင့် ထုပ်ကာညှစ်ပြီးရလာသည့် အရွက်သတ္တုရည်ကို
ဦးရေးပြားအနှံ့  မှန်မှန်လိမ်းပေးခြင်းဖြင့်
ဆံပင်သားများသန်စွမ်းနက်မှောင်လာစေပါမည်။
ဆံပင်ဆိုးဆေးအဖြစ်လည်းအသုံးပြုနိုင်ပါသည်။
13. ကြက်မောက်သီးအခွံကို ခပ်ပါးပါးလှီးပြီး၊ ရေ ၃-ခွက်တစ်ခွက်တင်ကြို၍
အအေးခံကာ တစ်နေ့ ၂-ကြိမ်သောက်သုံးပေးခြင်းဖြင့် ၀မ်းကိုက်ရောဂါ ကို
ပျောက်ကင်းစေနိုင်ပါသည်။
14. ကြက်မောက်သီးအစေ့ ၅-လုံးကိုလှော်၍ ကျိတ်ချေပါ။ ပြီးရင်
ရေအေးအေးတစ်ခွက်ဖြင့် ထိုနည်းအတိုင်း တစ်နေ့ ၂-ကြိမ် သောက်သုံးပေးပါက၊
ဆီးချိုရောဂါ ကို သက်သာလာစေနိုင်ပါသည်။
15. ကြက်မောက်သီးအခွံခြောက် ၁၅-ဂရမ် ခန့် ကို ရေ ၃-ခွက်စာပမာဏဖြင့်ရော၍
၁၅-မိနစ်လောက် ဆူအောင်တည်ပါ။ အအေးခံပြီးနောက် ထိုပြုတ်ရေကို တစ်နေ့  ၃-ကြိမ်
သောက်ပေးခြင်းဖြင့် ဖျားနာရောဂါများ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါသည်။
16. ကြက်မောက်သီး ၅-လုံးစာ ပမာဏထဲတွင် လူတစ်ယောက်၏ တစ်နေ့ တာ လိုအပ်သော
ဗိုက်တာမင်စီ ကို အပြည့်အ၀ရရှိနိုင် ပါသည်။
17. ကြက်မောက်ပင် ပင်စည်သားကိုပြုတ်၍ မှက္ခရုနာ များကို လိမ်းကျံပေးခြင်းဖြင့်
ပျောက်ကင်းသက်သာစေနိုင်ပါသည်။
18. ကြက်မောက်ပင်၏ အမြစ်ကိုပြုတ်၍ သန်ချဆေးအဖြစ် သောက်သုံးနိုင်ပါသည်။
19. ယနေ့ မလေးရှာနိုင်ငံ၏ ပရဆေးဆိုင်များတွင် ကြက်မောက်သီးအခွံခြောက်များကို
ဖျားနာခြင်းဝေဒနာအမျိုးမျိုး တို့  ကိုကုသ ရန်အတွက် ဖောဖောသီသီ
ရောင်းချလျှက်ရှိကြပါသည်။
ကြက်မောက်သီးသည် စပျစ်သီးထက်အရည်ရွှမ်းပြီး၊ လိုင်ချီးသီးအရသာနှင့်လဲ
ခပ်ဆင်ဆင်တူပါသည်။ ရာသီစာ သီးနှံဖြစ်သောကြောင့် ယခုလို
မိုးဦးကာလတွင်သာရရှိနိုင်သည့် ဆေးဘက်ဝင်ကြက်မောက်သီးများကို
ကျန်းမာရေးလိုက်စားသူ မိတ်ဆွေများအားလုံး အချိန်မှီအပြေးကလေး
ဝယ်ယူစားသောက်စေလိုပါကြောင်း....................။
မှတ်ချက်။
(၁) ကြက်မောက်သီးကိုင်ကြည့်သည့်အခါ မပျော့ဘဲ
တင်းနေသောအသီးကိုသာရွေးချယ်ဝယ်ယူပါ။
(၂) လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ရန်အတွက် အသီးအခွံပေါ်ရှိအမွှေးဆူးလေးများ
အတန်ငယ်မာသည်ကို ရွေးဝယ်ပါ။
(၃) ကွဲနေသော အသီးတို့ ကို ရှောင်ကြဉ်ပါ။
(၄) ရေခဲသေတ္တာထဲတွင် ရက်သတ္တ ၁-ပတ်မျှခံစေရန်အတွက်
ကြက်မောက်သီးကိုပလပ်စတစ်အိတ်ဖြင့်လုံခြုံစွာသိမ်းဆည်းထားပါ။
(အသီးကိုအခွံခွာပြီးဖန်ဗူးထဲထဲ့သိမ်းခြင်းကလည်း တာရှည်အထားခံနိုင်ပါလိမ့်မည်)
>>>>>>>>>>>>>>>>>

Contraception Choices !


Contraception Choices !
ကိုယ်ဝန် တားဆီးခြင်း နည်းလမ်းများ
“ကြိုတင် ပြင်ဆင်ထားမှု မပြည့်စုံ ပါဘဲလျက် ပရမ်းပတာ လက်လွတ် စပယ် ဖိတ်ခေါ်မှုသည် ဧည့်သည်များ အတွက် အညှာ အတာမဲ့စွာ ရက်စက်မှု တစ်ခုပင်တည်း။”
ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ ကို အမျိုးသား အမျိုးသမီးများ အားလုံး သိထားသင့် ပေသည်။ တကယ်တော့ လိင်ဆန္ဒ ပြည့်ဝမှု အတွက် အားထုတ်ရင်း၊ မလိုချင်ဘဲ ကလေးမွေးခြင်း သည် အပြစ်မဲ့သည့် ကလေးငယ်များကို မညှာမတာ ဒုက္ခ ခံခိုင်းဖို့ လူ့လောကထဲ ခေါ်ယူခဲ့ခြင်း သာ ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေး၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ ပြေလည် ကောင်းမွန်ခြင်း မရှိသေးခင်မှာ မလိုလားသော ကိုယ်ဝန် (Unwanted Pregnancy) မရှိစေရန် အချိန်မီ တားဆီး သင့်ပေသည်။
ကိုယ်ဝန် မဆောင်သင့်သူများ
၁။ အသက်(၁၈)နှစ်အောက် ငယ်ရွယ်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။
၂။ အသက်(၃၅)နှစ်အထက် ကြီးရင့်သူများတွင် ကိုယ်ဝန်ဆောင်ခြင်း။
၃။ သားသမီးဦးရေ(၄)ဦးထက် ပိုမိုမွေးဖွားခြင်း။
ပဋိသန္ဓေတားဆီးခြင်းနည်းလမ်းများ
၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး သုံးခြင်း။
၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။
၃။ အမျိုးသမီးများ စားဆေးကတ် စားသုံးခြင်း။
၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်းထည့်ခြင်း။
၅။ အမျိုးသမီးများ ရာသီသွေးပေါ်သော ဓမ္မတာစက်ဝန်းအရ ရက်ရှောင်ခြင်း။
၆။ အမျိုးသား၏ သုက်ရည်ကို အမျိုသမီးဖြစ်သူ၏ မိန်းမကိုယ်ပြင်ပ၌သာ စွန့်ပစ်ရန်အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။
၁။ အမျိုးသားများ လိင်တန်ဆာစွပ် သားရေဖုံး (Condom) သုံးခြင်း။
လိင် ဆက်ဆံရာတွင် သုက်ပိုးရည် များ မိန်းမကိုယ်တွင်း မဝင်ရောက် စေရန် ကာကွယ် ပေးသည်။ သားသမီး ရယူလိုခြင်း မရှိသည့် ကာလ တစ်လျှောက်လုံး လိင် ဆက်ဆံတိုင်း ကွန်ဒုံး(ခေါ်)သားရေစွပ်ကို သုံးစွဲရန် လိုသည်။ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်နိုင်သော ရောဂါများ ကိုလည်း ကွန်ဒုံး သုံးစွဲခြင်း ဖြင့် ကာကွယ် နိုင်သည်။
ကွန်ဒုံးသည် 
- သုံးစွဲရလွယ်ကူသည်။
- ဝယ်ယူရလွယ်ကူသည်။
- စားဆေး၊ ထိုးဆေး၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းဖြင့် သားဆက်ခြားခြင်း အဆင်မပြေသူများ၊ (ဥပမာ - သွေးတိုး ရောဂါ၊ နှလုံး ရောဂါ၊ ပန်းနာ ရင်ကျပ် စသည့် ရောဂါ ရှိသူများ) ၏ ခင်ပွန်းသည်များ သုံးနိုင်သည်။
သားသမီးယူလိုယူလိုသည့်အခါတွင် ကွန်ဒုံးအသုံးပြုခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြင့် သားသမီးပြန်လည် ရယူနိုင်ပါသည်။
ကွန်ဒုံးအသုံးမပြုမီ သတိထားရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကွန်ဒုံးကို နေပူထဲမထားရပါ။
(၂) ကွန်ဒုံးတစ်ခုကို တစ်ကြိမ်သာ အသုံးပြုရမည်။
(၃) အခြားအဆီများနှင့် သုံးစွဲခြင်း မပြုသင့်ပါ။
(၄) ရက်လွန် (Expired Date) ဖြစ်မဖြစ်ကို သေချာစွာဖတ်ရှုပြီး ရက်မလွန်သေးသော ကွန်ဒုံးကိုသာ ရွေးချယ်သုံးစွဲသင့်သည်။
(၅) ကွန်ဒုံးကို များသောအားဖြင့် ရာဘာသားရေ (Rubber) ဖြင့် ပြုလုပ်ထားသည့်အတွက် သားရေကဲ့သို့ ဆွဲမရသော ကွန်ဒုံးများကို မသုံးသင့်ပါ။
(၆) ကွန်ဒုံးကို သုံးစွဲခါနီးတွင် အပေါက်အပြဲ ပါ၊မပါ သေချာစွာစစ်ဆေးပြီး အပေါက်သေးလေးပင်ဖြစ်စေ ပါလာလျှင် လုံးဝမသုံးပါနှင့်။
ကွန်ဒုံး (ခေါ်) သားရေစွပ် နှင့် စိမ်း နေသူများ အတွက် ၄င်း အသုံးပြုနည်း ကို ရှင်းပြပါမည်။ ကွန်ဒုံး ကို ဆေးဆိုင်များ၊ ကွမ်းယာ ဆိုင်များနှင့် လမ်းဘေး ဆိုင်များတွင် အလွယ်တကူ ဝယ်ယူ ရရှိ နိုင်သည်။ ကွန်ဒုံး မပြဲစေရန် ကွန်ဒုံး အထုပ်ကလေးကို သတိနှင့် သေချာစွာ ဖောက်ရ၏။ အသုံးမပြုမီ သားရေစွပ်၏ ထိပ်တွင် လေ မဝင်စေရန် ဂရုပြုဖို့ လိုအပ်ပါသည်။ ကွန်ဒုံး ထိပ်ဖျားကို လက်ညှိုး လက်မတို့ဖြင့် ဖိ၍ ကိုင်ပြီး ယောက်ျား တန်ဆာထိပ်တွင် ညင်သာစွာ စွပ်ပါ။ ထို့နောက် အခြား လက်တစ်ဖက်ဖြင့် ကွန်ဒုံးကို ဖြေချပါ။ လက်မ၊ လက်ညှိုး တို့ဖြင့်ဖိ၍ ကိုင်ထားသော ကွန်ဒုံး ထိပ်ဖျားသည် သုက်ရည် အတွက် နေရာ ချန်ထားခြင်း ဖြစ်သည်။ ကွန်ဒုံးကို အမျိုးသား၏ တန်ဆာရင်း ထိ ရောက်အောင် ဖြေချ ရမည်။ လိင်ဆက်ဆံ ပြီး၍ အမျိုးသား သုက်ရည် ထွက်သွားပြီးနောက် ကွန်ဒုံးကို အရင်းမှ စက္ကူပါးဖြင့် ကိုင်ပြီး သတိဖြင့် လျှော၍ ဖြည်းဖြည်း ညင်သာ ချွတ်ယူပါ။ ကြွပ်ကြွပ်အိတ်ဖြင့် ဖြစ်စေ၊ သေချာစွာ ထုပ်ပိုး၍ အမှိုက်ပုံး အတွင်းသို့ စနစ်တကျ စွန့်ပစ်သင့်သည်။
ယောက်ျားဖြစ်သူ ကွန်ဒုံး သုံးစွဲခြင်းဖြင့် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် နှုန်းမှာ အမျိုးသမီး ဦးရေနှင့် အရေအတွက် မြှောက်လဒ် တစ်ရာလျှင် ခြောက်ယောက်မှ တစ်ဆယ့် ရှစ်ယောက် အတွင်းရှိသည်။ ပဋိသန္ဓေ တားဆီးခြင်း နည်းလမ်းများ အားလုံးသည် ရာနှုန်းပြည့် စိတ်ချရသည် ဟု လက်လွတ်စပယ် မပြောလိုပါ။ မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့် အခွင့်အလမ်း အလွန် နည်းပါးလျှင် ၄င်း နည်းလမ်း ကောင်းမွန် လုံခြုံသည် (Safe) ဖြစ်သည် ဟု ဆိုနိုင်ပါသည်။
အမျိုးသားသုံး ကွန်ဒုံး အသုံးပြုနည်း
အမျိုးသမီးသုံး ကွန်ဒုံး အသုံးပြုနည်း
How To Use Female Condom - Click here for more amazing videos
၂။ အမျိုးသမီးများ ထိုးဆေးအသုံးပြုခြင်း။
ထိုးဆေးကို (၃) လ တစ်ကြိမ် တင်ပါးမှာ ထိုးပေး ရသည်။ ရာသီ ပေါ်သည့်နေ့မှ (၅) ရက် အတွင်း ထိုးသင့်သည်။ ရာသီ ပေါ်ပြီး ၅-ရက်မှ ၉-ရက် အတွင်း ထိုးမိပါက (၁၀) ရက် အတွင်း လိင်ဆက်ဆံမှုကို ရှောင်ကြဉ် သင့်သည်။ သို့မဟုတ် ပါက (Condom) သုံး၍ ဆက်ဆံ နိုင်သည်။
ကိုယ်ဝန် တားဆေး ထိုးတော့မည်ဆိုလျှင် ကျွမ်းကျင်သူများ နှင့် အရင် တိုင်ပင် ဆွေးနွေး သင့်သည်။ ကိုယ်ဝန် မရှိမှ ထိုးရပါမည်။ မီးဖွားပြီး ၄၅-ရက် (သို့မဟုတ်) တစ်လခွဲ အကြာတွင် ထိုးဆေး စတင် အသုံးပြု နိုင်သည်။ ထိုးဆေးသုံးပြီး ၃-လကြာလျှင် နောက်ထပ် (၁)လုံး ထပ်ထိုး ရမည်။ ထို့ကြောင့် ထိုးဆေး ထိုးသည့် ရက်စွဲကို သေချာစွာ မှတ်ထား သင့်သည်။ ဆေးထိုး ရာတွင် ဆေးထိုးအပ်မှ အခြား ကူးစက် ရောဂါများ မပြန့်ပွားစေရန် သေချာစွာ ပိုးသတ် ထားသော ဆေးထိုးပြွန်နှင့် အပ်များ၊ တစ်ခါသုံး ဆေးထိုးပြွန်နှင့် တစ်ခါသုံး ဆေးထိုး အပ်များကို သုံးသင့်သည်။ ထိုးဆေး သုံးခြင်းကြောင့် အောက်ပါ အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။
(၁) ကလေးဝေးခြင်း။
(၂) မိခင် နို့ထွက်မှုကို မထိခိုက် နိုင်သဖြင့် နို့တိုက် မိခင်များ အတွက် သင့်လျော်ခြင်း။
(၃) ဆေးထိုးရပ်လိုက်ပါက ဆေးအာနိသင် ကုန်သည့်အခါတွင် ကလေး ပြန်ရနိုင်ခြင်း။
(၄) ၃-လလျှင် တစ်ကြိမ်သာ ထိုးရသဖြင့် သက်သာခြင်း
စသည်တို့ ဖြစ်သည်။
ဤဆေးထိုးလျှင် တချို့အမျိုးသမီးများ ရာသီမပေါ်ဘဲ တောက်လျှောက်တိမ်ခြင်း၊ အချို့ရာသီသွေး တစ်စက်တစ်စက် ပေါ်နေခြင်း၊ သွေးဆင်းများခြင်း၊ တချို့ပုံပျက်ပန်းပျက်ဝလာခြင်း စသည့်အကျိုးဆက်များ လည်း တွေ့ရတတ်သည်။ ထိုသို့ တွေ့ကြုံလာရသည့်အခါ ထိတ်လန့်နေစရာမလိုဘဲ တတ်ကျွမ်းသူများနှင့် တိုင်ပင်သင့်သည်။
အလွန်အမင်း ဝဖြိုးသူများ၊ အသည်းရောင် အသားဝါ ရောဂါရှိသူများ၊ ရင်သား ကင်ဆာနှင့် အခြား ကင်ဆာ ရောဂါရှိသူများ၊ သွေးတိုး၊ ဆီးချိုနှင့် နှလုံး သွေးကြောကျဉ်း ရောဂါရှိသူများမှာ ဤ နည်းလမ်းမျိုး မသုံးသင့်ပါ။ စားဆေးနှင့် မတည့်သည့် စားဆေး မစား လိုသူများနှင့် ဆေးသောက်ရန် မေ့လျော့ တတ်သူများ သည် ထိုးဆေးကို အသုံးပြု တတ်ကြသည်။ ထိုးဆေး သုံးသူများတွင် မတော်တဆ ကိုယ်ဝန် ရသွားနိုင်သည့်နှုန်း အလွန် နည်းပါးသော် လည်း အဆမတန် ဝဖြိုး လာတတ်ခြင်းကြောင့် ခန္ဓာကိုယ်အလှ ထိန်းသိမ်း လိုသူများ မသုံးလိုကြပေ။
၃။ အမျိုးသမီးများ စားဆေးကဒ် စားသုံးခြင်း။
စားဆေး ကဒ်များသည် ဆေးဆိုင်များတွင်လည်း အလွယ်တကူ ဝယ်ယူ ရရှိနိုင်သော အဖိုးနှုန်း အလွန်ချိုသာသည့် ပဋိသန္ဓေ တားဆေး ကတ် ဖြစ်သည်။
၎င်းဆေးကတ်မှ ပထမဆုံး အလုံးကို အမျိုးသမီးများ ရာသီသွေး စပေါ်သည့်နေ့မှ တတိယမြောက်နေ့ တွင် စတင် သောက်ရပါသည်။ ညွှန်ပြ ထားသည့် မြားအတိုင်း တစ်နေ့တစ်လုံး အချိန်မှန်မှန် သောက်သင့်သည်။ သောက်ရန် မေ့သွားပါက ထိုဆေးလုံးကို သတိရရချင်း ၁၂-နာရီအတွင်း သောက်ပြီး ၄င်းနေ့အတွက် ဆေးလုံးကိုတော့ ပုံမှန်အချိန်တွင် ဆက်သောက် နိုင်သည်။ ဆေးကတ် ကုန်သွားလျှင် ရက်မခြားပဲ အသစ် ဆေးကဒ်၏ ပထမဆုံး အလုံးကို နောက်တစ်နေ့ ဆက်သောက် ရမည်ဖြစ်သည်။ နေ့စဉ် မှန်မှန် ဆေးသောက်ရန် မမေ့သင့်ပါ။ ဆေးသောက်ရန် မေ့သွားသော နေ့သည် အမျိုးသမီးများ ဓမ္မတာပန်းပွင့်ရာ စက်ဝန်းတွင် မျိုးဥကြွေပြီး ကိုယ်ဝန်ရနိုင်သော နေ့တစ်နေ့ဖြစ်နေပြီး အမျိုးသားနှင့်လည်း လိင်ဆက်ဆံ ဖြစ်သည်ဆိုပါက ကိုယ်ဝန် ရသွားသည့် သာဓက ရှိပါသဖြင့် ဆေးလုံးများကို ဂရုတစိုက် နေ့စဉ်မှန်မှန် သောက်သင့် ပေသည်။
ရင်သားတွင် အဖုအကျိတ် ရှိသူများ၊ သွေးကြော ထုံးရောဂါရှိသူများ၊ မိန်းမကိုယ်မှ အကြောင်းရင်း မရှိဘဲ သွေးဆင်း နေသူများ၊ လေဖြတ် ဖူးသူ၊ လေဖြတ်နေသူများ၊ သားအိမ်ခေါင်း၊ သားဥစသည့် မျိုးပွား အင်္ဂါများတွင် ကင်ဆာ ရောဂါရှိသူများ၊ နို့တိုက်မိခင် (ကလေး ၆-လ အရွယ်အထိ) တို့မှာ စားဆေး စားရန် မသင့်ပါ။ အသက် ၄၀ ကျော် အမျိုးသမီးများ၊ ဆေးလိပ် အလွန်အကျွံ သောက်သူများ၊ သွေးတိုး ရောဂါရှိသူများ၊ ကိုယ်ဝန်ဆိပ်တက် ရောဂါ ရှိသူများ၊ ဝက်ရူးပြန် ရောဂါရှိသူများ၊ ဆီးချို ရောဂါရှိသူများ၊ အသည်းရောင် အသားဝါ ရောဂါ ရှိသူများ၊ နှလုံး ရောဂါ ရှိသူများ၊ စိတ်ကျ ရောဂါ ဖြစ်ဖူးသူများ၊ နို့တိုက်မိခင် (ကလေး ၆-လအထက်)များသည် ကျွမ်းကျင် နားလည်သူများ နှင့် တိုင်ပင် ဆုံးဖြတ်ပြီးမှ ဆေးစား သင့်ပါသည်။
တချို့အမျိုးသမီးများ ဆေးစား ခါစတွင် အောက်ပါ ဝေဒနာများကို ခံစားရ တတ်ပါသည်။
၁။ မူးဝေခြင်း၊ နုံးခွေခြင်း ဖြစ်တတ်သည်။ (ညစာစားပြီးချိန် (သို့မဟုတ်) အိပ်ရာဝင်ချိန် သောက်သင့်သည်။ ၂-လ၊ ၃-လကြာလျှင် ပျောက်သွား နိုင်ပါသည်။)
၂။ ပျို့ခြင်း၊ အစားပျက်ခြင်း ဖြစ်နိုင်သည်။ (အကျင့် ရလာလျှင် ပျောက်သွား တတ်ပါသည်။)
၃။ ရင်သား တင်းခြင်း၊ ရင်သား နာလားခြင်း ဖြစ်တတ်သည်။ (မကြာခင် ပျောက်သွားနိုင်သည်။ အဆီ၊ အဆိမ့်၊ အချို လျှော့စားကာ ကိုယ်လက် လှုပ်ရှားမှုပြုလုပ် သင့်ပါသည်။)
အကယ်၍ အထက်ပါ လက္ခဏာများအနက်မှ တစ်ခုခုကို ကြာရှည်စွာ ခံစားရပါက ကျွမ်းကျင် နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး၍ အကြံဉာဏ် တောင်းရန် လိုအပ်သည်။
စားဆေး ကဒ်များကို နှစ်နှစ်ထက်ပို၍ ဆက်တိုက် မစားသင့်ဟု တချို့ ဆေးပညာ စာအုပ်များတွင် ရေးသား ထားသည်ကို တွေ့ရသည်။ တချို့ဆေးပညာ ဆောင်းပါး များကတော့ စားဆေးကဒ်များကို ၃-နှစ်မှ ၅-နှစ်အထိ ဆက်တိုက် စားသုံးနိုင်သည်ဟု ဆိုကြသည်။ တချို့ အမျိုးသမီး များမှာ ကိုယ်ဝန်တားဆေး ကတ်များကို ၈-နှစ်မှ ၁၀-နှစ်အထိ စားသုံးသော်လည်း ဘာမှ မဖြစ်သည်လည်း ရှိပါသည်။
ဖြစ်သင့်သည်မှာ ပဋိသန္ဓေ တားဆေးကဒ် များကို ကြာရှည် ဆက်တိုက် စားသုံး နေသူများသည် ကာလ အပိုင်းအခြားအလိုက် သားအိမ်ခေါင်း အသားစ စစ်ဆေးခြင်း (Periodic Cervical Cytology)၊ သွေးပေါင်ချိန် စစ်ဆေးခြင်း (Checking Blood Pressure)၊ ဆီးထဲ အချိုဓာတ် စစ်ဆေးခြင်း (Testing for Glycosuria) များ မကြာခဏ ပြုလုပ် သင့်သည်။
သားသမီး ရယူလိုသည့်အခါ စားဆေးကတ် စားသုံးနေခြင်းကို ချက်ချင်း ရပ်ဆိုင်းလိုက်ပါက ထိုအမျိုးသမီးမှာ ပုံမှန် မျိုးဥ ကြွေခြင်း (Regular Ovulation)သည် သုံးလ အတွင်း ပြန်ပေါ် လာမည် ဖြစ်သည်။
စားဆေး ကတ်သုံးခြင်းကို ရုတ်တရက် ရပ်ဆိုင်း လိုက်လျှင် နှစ်ရက်၊ သုံးရက်မျှ သွေးဆင်းလာ တတ်သည်။ မကြာမီ သွေးဆင်း ရပ်သွားမည် ဖြစ်ပါသည်။ ကြာရှည် သွေးဆင်း နေလျှင်တော့ တတ်ကျွမ်း နားလည်သူများနှင့် တိုင်ပင် ဆွေးနွေး သင့်ပါသည်။
ဆေးစား နေစဉ် ပျို့အန်ခြင်း၊ ဝမ်းလျှော ဝမ်းပျက်ခြင်း ဖြစ်နေသူများနှင့် ပထမဆုံး ဆေးကတ်စားသူများ အတွက် ကိုယ်ဝန်တားဆီးမှု ရာနှုန်းပြည့် စိတ်ချရသည်ဟု မဆိုနိုင်ပေ။
၎။ အမျိုးသမီးများ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း။
ကမ္ဘာပေါ်ရှိ အမျိုးသမီး ဦးရေ သန်း(၆၀)ခန့် ဤနည်းကို အသုံးပြု နေကြသည်။ တတ်ကျွမ်းနားလည် သူများနှင့် ပစ္စည်းထည့်ပြီးလျှင် သားအိမ် အတွင်းတွင် ၅ နှစ်ခန့် ကောင်းမွန် စိတ်ချစွာ ထားနိုင်ပါသည်။
သားအိမ် အတွင်းသို့ ထည့်နိုင်သည့် ပစ္စည်းများမှာ ပုံသဏ္ဍာန်နှင့် အမျိုးအစား အမျိုးမျိုး ရှိကြသည်။ အင်္ဂလိပ် စာလုံးကြီး တီပုံ (T) အင်္ဂလိပ် နံပါတ် ခုနစ် (7)၊ ကွင်းကြိုးပုံ၊ ကွင်းပုံ၊ လေးကိုင်းပုံ၊ အရစ်အခွေ စပရင်ပုံ စသည့်ဖြင့် ပြုလုပ်ထားသည်။ ရွှေ၊ ငွေ၊ ကြေးနီ၊ နစ်ကယ်လ်၊ သတ္တုများရောစပ်၍လည်း အရွယ်အစားအမျိုးမျိုး ပြုလုပ်ထားကြသည်။ တချို့ ပလပ်စတစ်ဖြင့် ပြုလုပ် ထားသည်လည်း ရှိ၏။ သားအိမ်အတွင်း ပစ္စည်း ထည့်မည့် အမျိုးသမီးသည် ကိုယ်ဝန် ဘယ်နှစ်ကြိမ် ဆောင်ဖူးသည်၊ ကလေး ဘယ်နှစ်ယောက် မွေးဖွား ဖူးသည်၊ ထို အမျိုးသမီး၏ ကျန်းမာရေး အခြေအနေ၊ သားအိမ် အရွယ်အစား အထူအပါး ဘယ်သို့ရှိသည် စသည်ဖြင့် စဉ်းစား ချင့်ချိန်၍ သင့်တော်မည့် ပစ္စည်းကို ထည့်ပေးရန် လိုအပ် သောကြောင့် တတ်ကျွမ်း နားလည်သူများ နှင့်သာ ထည့်သွင်း သင့်သည်။
ရာသီသွေးပေါ်နေချိန် (သို့မဟုတ်) ပေါ်ပြီးစ အချိန်၊ မီးဖွားပြီး နောက်တွင် (သို့မဟုတ်) ခြောက်လပတ် ကျော်လွန် ပြီးသည့် အချိန်၊ သားလျှော်ပြီး နောက် တစ်ပတ်တွင်း (သို့မဟုတ်) ခြောက်ပတ် လွန်မြောက် သည့် အချိန်တွင် သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းကို ခံယူ နိုင်ပါသည်။
မီးယပ် ဆိုင်ရာ ဓမ္မတာ မမှန်သူ၊ အဆင်း များလွန်းသူ၊ သားအိမ် အနေအထား ပုံမှန် မဟုတ်သူများ၊ သားအိမ် (သို့မဟုတ်) သားအိမ်ပြွန် ရောင်ရမ်းသော ဝေဒနာခံစားနေသူများ၊ သားအိမ်မှအပ အခြားသော နေရာ (ဥပမာ-သားအိမ်ပြွန်) တွင် သန္ဓေတည်ဖူးသူများ၊ ဆီးပူ ညောင်းကျ ရောဂါဖြစ်နေသူနှင့် သားအိမ်လည်တံ တွင် ရောဂါရှိနေသူများမှာ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်းနည်းကို မသုံးသင့်ပေ။
သားအိမ်တွင်း ပစ္စည်း ထည့်ရန် သင့်တော်သူ များမှာ အနည်းဆုံး တစ်ကြိမ် ရိုးရိုး မီးဖွားပြီး သူများ၊ နို့တိုက်မိခင်များ၊ သားသမီး ဦးရေ ပြည့်စုံပြီး သားကြော မဖြတ်လို သေးသူများပင် ဖြစ်၏။ သားအိမ် တွင်းထည့် ပစ္စည်းများမှာ နိုင်လွန်ကြိုး အမြီးတန်း (Nylon Thread Tail) လေးများ ပါရှိတတ်ပြီး ယင်းကြိုးလေးသည် သားအိမ် လည်တံမှ တဆင့် မိန်းမ အင်္ဂါဇာတ် (Vagina) ထဲတွင် ရှိနေ တတ်သဖြင့် ၎င်း အမြီးတန်း လေးကို မကြာခဏ စမ်းသပ်ကြည့်ခြင်း အားဖြင့် သားအိမ်တွင်း၌ ထိုပစ္စည်း နေသားတကျ ရှိ၊မရှိ သိသာ နိုင်သည်။ သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီး များသည် အခါအားလျှော်စွာ ပြန်လည် စမ်းသပ် စစ်ဆေးမှု ခံယူရန် လိုအပ်ပါသည်။
သားအိမ်တွင်း ပစ္စည်းထည့်ခြင်း နည်းလမ်းကို အသုံးပြုခြင်းကြောင့်-
(က) ငွေ အကုန်အကျ သက်သာခြင်း
(ခ) ကိုယ်ဝန် မရှိစေရန် စိတ်ချရခြင်း
(ဂ) နေ့စဉ် ဆေးသောက်ရသည့် ဒုက္ခမှ ကင်းဝေးခြင်း
(ဃ) နှစ်ရှည် အာနိသင်ရှိခြင်း
(င) သားသမီး ပြန်ရယူလိုလျှင် လွယ်ကူခြင်း
(စ) နို့တိုက်မိခင် များ အတွက် မိခင်နို့ ထွက်ခြင်း
(ဆ) လိင် ဆက်ဆံရာတွင် အနှောင့်အယှက် မရှိခြင်း
(ဇ) ဆေးခန်းသို့ မကြာခဏ လာရန်မလိုခြင်း
စသည့် အကျိုး ကျေးဇူးများ ရရှိစေပါသည်။
သားအိမ်တွင်း ပစ္စည်းထည့်သည့်အခါ ရုတ်တရက် မူးမေ့သွားခြင်း (Fainting or Collapse) ဖြစ်တတ်သည့် သာဓက လည်းရှိသဖြင့် ပစ္စည်း ထည့်မည့် အမျိုးသမီးအား သေချာ ရှင်းလင်း ပြောပြ ထားရပါသည်။ တချို့အမျိုးသမီး များမှာ သားအိမ်တွင်း ပစ္စည်း ထည့်ပြီး နောက် ဓမ္မတာ သွေးဆင်း များလာခြင်း၊ ရာသီသွေး ပေါ်ပြီးသော်လည်း သွေးနည်းနည်းချင်း မကြာမကြာ ဆင်းနေခြင်း၊ ရာသီ လာသည့် အခါ ဗိုက်နာ ဗိုက်အောင့် ဝေဒနာ ခံစား လာရခြင်းများ တွေ့ကြုံရတတ်သည်။ တချို့မှာမူ သားအိမ်နှင့် သားအိမ်ပြွန် ရောင်ရမ်း ခြင်း၊ သားအိမ် လည်တံ ထိခိုက် ဒဏ်ရာရခြင်း၊ သားအိမ်တွင်း ထည့်ထားသော ပစ္စည်းလေး နေရာ လွဲမှား ရောက်ရှိခြင်းများ ဖြစ်တတ် သော်လည်း တွေ့ရခဲသော ပြဿနာ များသာ ဖြစ်သည်။
သားအိမ်တွင်း ပစ္စည်း ထည့်ထားသော အမျိုးသမီးများ အတွက် ပစ္စည်း စတင်ထည့်သော ပထမနှစ် အတွင်း မတော်တဆ ကိုယ်ဝန် ရသွားနိုင်သော နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြောက်လဒ် တစ်ရာလျှင် နှစ်ယောက် သုံးယောက်မျှ ရှိသော်လည်း ပစ္စည်း ထည့်ထားသောနှစ် ကြာလေလေ၊ ထိုပစ္စည်းကြောင့် အလိုအလျောက် သားလျှော သွားနိုင်သည့် အခွင့်အလမ်း များပါသည်။
၅။ အမျိုးသမီးများ ရာသီသွေး ပေါ်သော ဓမ္မတာ စက်ဝန်းအရ ရက်ရှောင်ခြင်း။
ပဋိသန္ဓေ တားဆီးရန် အတွက် ထိုးဆေး အသုံးပြုခြင်း၊ တားဆေး ကတ် စားသုံးခြင်း၊ သားအိမ်တွင်း ပစ္စည်း ထည့်ခြင်း၊ အမျိုးသားများ သားရေစွပ် သုံးခြင်း နည်းလမ်းများ ကို အဆင်မပြေ၊ မနှစ်သက်၍ မသုံးလို ပါက ရက်ရှောင်ခြင်း နည်း (Safe Period-Rhythm Method) ကို သုံးကြသည်။
ရက်ရှောင်ခြင်း နည်းလမ်းမှာ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ တွင်သာ လိင်ဆက်ဆံခြင်း ပြုပြီး ကျန် ရက်များတွင် ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ကိုယ်ဝန် ရရှိရန် အခွင့်အလမ်း အလွန် နည်းပါးသော ရက်များ (Safe Period) သည် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်းလည်ပတ် သည့် ရက်ကာလ မတူညီ သည့်အတွက် အမျိုးသမီး တစ်ဦးနှင့်တစ်ဦး မတူညီ နိုင်ချေ။ ဥပမာ အားဖြင့် အမျိုးသမီးများ ၏ ဓမ္မတာ စက်ဝန်း (Menstrual Cycle) သည် လစဉ် ၂၈ ရက်စက်ဝန်း (28 days Cycle) ဖြစ်ပါက လိင် ဆက်ဆံခြင်း ပြုလိုပါက ပြုနိုင်သော (Safe Period) မှာ ရာသီလာ နေစဉ်ရက်များ (The days of Menstrual Flow) နှင့် ရာသီ လာပြီးနောက် ၃-ရက်၊ ရာသီ မလာခင် ၉-ရက်တို့ဖြစ်သည်။
အကယ်၍ အမျိုးသမီး၏ ဓမ္မတာ စက်ဝန်းကာလသည် ၂၈-ရက်ထက် ပိုတို နေပါက ၎င်း ပိုတိုတောင်းသော ရက်ကို ရာသီလာပြီး နောက် ၃-ရက်မှ ထပ်မံ နှုတ်ရမည်။ ဥပမာ အားဖြင့် ယင်းအမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၆-ရက်သာ ရှိသည်ဆိုပါက ယင်းအမျိုးသမီးသည် ရာသီလာနေစဉ်ရက်များ၊ ရာသီလာပြီးနောက် ၁-ရက်နှင့် ရာသီမလာခင် ၉-ရက်အလိုတို့တွင် လိင်ဆက်ဆံခြင်းပြုနိုင်ပါသည်။
အမျိုးသမီး၏ ဓမ္မတာစက်ဝန်းသည် ၂၈-ရက်ထက် ပိုကြာရှည်ပါက ထို ပိုလာသောရက်ကို ရာသီ လာပြီးနောက် ၃-ရက်တွင် ပေါင်းထည့် ရပါသည်။ ဥပမာ- ထိုအမျိုးသမီး သည် ၃၀-ရက်စက်ဝန်း (30 days Cycle) ရှိပါက ထိုအမျိုးသမီးအတွက် (Safe Period)မှာ ရာသီ လာနေစဉ် ရက်များ(the days of Menstrual Flow) နှင့် ရာသီ လာပြီး နောက် ၅-ရက် (5 days Postmenstrually)၊ ရာသီ မလာမီရက် (9 days Premenstrually) တို့ ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် အမျိုးသမီးများ အားလုံး အတွက် ရာသီ မလာမီ ၇-ရက်သည် လိင်ဆက်ဆံခြင်း ပြုသော်လည်း ကိုယ်ဝန်ရရန် အခွင့်အလမ်း အလွန် ရှားပါး၍ လုံခြုံ စိတ်ချရဆုံး အချိန်များ ဖြစ်သည်။ သို့ရာတွင် ဤနည်းလမ်းကို ဓမ္မတာ မှန်မှန် လာသော အမျိုးသမီးများ ကသာ သုံးသင့်ပြီး ဤနည်းလမ်း သည် မတော်တဆ ကိုယ်ဝန်ရရှိ သွားနိုင်သည့် နှုန်း မြင့်သဖြင့် စိတ်မချရပေ။
၆။ အမျိုးသား၏ သုက်ရည်ကို အမျိုးသမီး ဖြစ်သူ၏ မိန်းမကိုယ် ပြင်ပ၌သာ စွန့်ပစ်ရန် အတွက် လိင်ဆက်ဆံမှုကို သတိဖြင့် ထိန်းချုပ်ခြင်း။
ဤနည်းကို (Incomplete Coitus) ဟုခေါ်သည်။ သုံးမျိုး ထိန်းချုပ်ကြသည်။ ဤနည်းများ သည် ဆေးဝါး ပစ္စည်းကိရိယာ တစ်စုံတစ်ရာ မလိုအပ်၍ ငွေကြေး အထူးတလည်ကုန်ကျရန် မလိုအပ်သော်လည်း မတော်တဆ ကိုယ်ဝန်ရသွားနိုင်သည့်နှုန်းမှာ အမျိုးသမီး ဦးရေနှင့် နှစ်အရေအတွက် မြှောက်လဒ်တစ်ရာလျှင် ၁၂ ယောက်မှ ၃၆ ယောက်ထိရှိသဖြင့် နှုန်းအလွန်မြင့်မားသည်။ စိတ်ချ လုံခြုံမှု အလွန်နည်း သည် ဟု ဆိုနိုင်ပါသည်။
ကိုးကား။ ။ ယဉ်မင်းဦး (ဆေးတက္ကသိုလ်) ၏ သန္ဓေကာတာ မှ>>>>>>>>

သင့်ဘ၀မှာ အခက်အခဲတွေကို အောင်မြင်ချင်ရင်.....

သင့်ဘ၀မှာ အခက်အခဲတွေကို အောင်မြင်ချင်ရင်.....
၁.တိတ်ဆိတ်ခြင်းကို ရွေးပါ။
တစ်ခါတလေ သင်ဟာ တစ်ပါးသူရဲ့ အထင်လွဲမှုကို ခံရတယ်။ ဒါကို မဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးလိမ့်မယ်။ အစကတည်းက လူတိုင်းဟာ သင့်ကိုနားလည်သူတွေ မဟုတ်ဘူး။ ဒါကြောင့် လောကကြီးကို ကိုယ့်ဒုက္ခတွေ ကြော်ငြာစရာ မလိုဘူးလို့ သင်ထင်တယ်။တစ်ခါတလေမှာ သင့်အချစ်ဆုံးသူတွေက သင့်အပေါ် သဘောထားလွဲမယ်။
ဒီလိုအချိန်မျိုးမှာ သင်နာကျင်ခံစားရပြီးမဖြေရှင်းချင်တဲ့အခါ တိတ်ဆိတ်ခြင်းကို သင်ရွေးပါ။ လောကတစ်ခုလုံး သင့်ကို နားမလည်ချင်နေပါစေ။ သင့်အချစ်ဆုံး သူက သင့်ကို နားလည်သင့်တယ်။ တကယ်လို့ သူပါ သင့်ကို နားမလည်ခဲ့ရင် ဘာများပြောစရာ ရှိတော့မလဲ?ဒါကြောင့် တစ်ခါတလေ စကားမပြောချင်တော့တဲ့အခါ မပြောပါနဲ့။ ပြောဖန်များလည်း အရာမထင်တော့တဲ့အခါဆိတ်ဆိတ်နေခြင်းက အကောင်းဆုံး ဖြေရှင်းနည်းဖြစ်လိမ့်မယ်။
၂.တည်ငြိမ်ခြင်းကို ရွေးပါ။
လူ့ဘဝရဲ့ ချောက်ကမ်းပါးထဲ သင်ပြုတ်ကျသွားတဲ့အချိန် သင့်ဘေးမှာရှိတဲ့လူတွေက သင့်ကို စိတ်ဓာတ်ကြံ့ခိုင်ဖို့၊ပျော်ရွှင်ဖို့ အားပေးလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ စိတ်ဓာတ်ကြံ့ခိုင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်ပေမယ့် ပျော်ရွှင်ဖို့ဆိုတာခက်ခဲလိမ့်မယ်။ ဆုံးရှုံးခြင်းတွေနဲ့ ရင်ဆိုင်နေရချိန် ဘယ်သူကမှ ပျော်ရွှင်နိုင်ကြမှာ မဟုတ်ဘူး။
ဒါပေမယ့် အနည်းဆုံးတော့ တည်ငြိမ်ရမယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ပြဿနာရဲ့ အတိမ်အနက်ကို ကြည့်ရမယ်။ ဖြေရှင်းရမယ်။ တည်ငြိမ်ခြင်းဆိုတာ ပျော်ရွှင်ခြင်းလဲ မဟုတ်သလို မပျော်ရွှင်ခြင်းလဲ မဟုတ်ဘူး။
၃.အတိတ်ထဲမှာ တဝဲမလည်ပါနဲ့....
လူ့ဘဝဆိုတာ လမ်းခွဲတွေများတဲ့ အဆုံးမရှိလမ်းမကြီးဖြစ်တယ်။ မပြတ်တဲ့ ရွေးချယ်ခြင်းတွေနဲ့ ခရီးဆက်နေရတယ်။နေ့တိုင်းစားတဲ့ အစားအစာကို ရွေးချယ်တာက သက်ရောက်မှု သိပ်မရှိပေမယ့် အလုပ်အကိုင်၊ အိမ်ထောင်ဖက်၊အိမ်ထောင်ပြု မပြု၊ ကလေးယူ မယူ စတဲ့ ရွေးချယ်မှုတိုင်းက ဘဝတစ်ခုလုံးကို သက်ရောက်စေတယ်။ မတူတဲ့ရွေးချယ်မှုက မတူတဲ့ဘဝကို တည်ဆောက်ပေးတယ်။
ဘဝမှာ သည်းမခံနိုင်အရာက လူ့ဘဝကို အသစ်ပြန်စစေတဲ့ အခွင့်အရေး မရှိတာပဲ။“တကယ်လို့ အစတည်းက ဒီလိုရွေးခဲ့ရင် အခုချိန်မှာ ဒီလိုဖြစ်နေမှာ မဟုတ်ဘူး”လို့ ညည်းတွားမနေနဲ့။ သင်ရွေးချယ်တဲ့ ဘဝလမ်းခွဲတိုင်းမှာ အကောင်းဆုံးဆိုတာ မရှိသလို အဆိုးဆုံးဆိုတာလည်း မရှိဘူး။ ရွေးချယ်ခဲ့တဲ့လမ်းကိုအကောင်းဆုံးဖြစ်အောင် သင်လျှောက်လှမ်းဖို့ပဲ လိုတယ်။ ဖြောင့်ဖြူးအောင် ဖန်တီးဖို့ပဲလိုတယ်။ ဒါမှ ရွေးခဲ့တဲ့လမ်းမှားတယ်လို့ အတိတ်ထဲ သင်တဝဲလည်နေတော့မှာ မဟုတ်ဘူး။
၎.ရိုးရှင်းတာကို လက်ကိုင်ထားပါ။
စိတ်ရှုပ်စရာ တွေးတောမှုတွေက သင့်ဘဝကို ရှုပ်ထွေးစေသလို လက်ရှိပစ္စုပန်မှာ သင် အသက်ရှင်နေထိုင်နေပေမယ့်အတိတ်ကို သင် တမ်းတနေတတ်တယ်။ ဒါမှမဟုတ် အနာဂတ်အတွက် တွေးပြီး စိုးရိမ်ပူပန်နေတတ်တယ်။ အတိတ်ကိုပစ္စုပန် နဲ့ အနာဂတ်ထိ သယ်ဆောင်လာတာဟာ သင့်ဘဝကို မသပ်ရပ်စေဘူး။ ရှုပ်ထွေးပွေလီစေတယ်။ရိုးရှင်းခြင်းဆိုတာ တင့်တယ်ခြင်းဖြစ်တယ်။
ဥပမာ – ရာသီဥတုအပြောင်းအလွဲကို အရေပြား နဲ့ ရိုးရိုးရှင်းရှင်း ခံယူမယ်။မိုးရွာပြီးစ မြက်ရနံ့တွေကို နှာခေါင်းနဲ့ ရိုးရိုးရှင်းရှင်း ရှုရှိုက်မယ်။ အဝေးက လှပတဲ့ရှုခင်းကို ပန်းချီကားတစ်ချပ်လို မျက်လုံးနဲ့ ရိုးရိုးရှင်းရှင်း အရသာခံမယ်။ ရိုးရှင်းခြင်းက ဒီလောက် လွယ်ကူပါတယ်။ပစ္စုပန်မှာ ရိုးရိုးရှင်းရှင်းနေထိုင်မယ်။ ရိုးရိုးရှင်းရှင်းနေထိုင်ရင် စိတ်ရှုပ်စရာတွေ တွေးတောဖို့မလိုဘူး။ အတိတ်ကိုလည်း တမ်းတဖို့မလိုဘူး။ အနာဂတ်အတွက်လည်း စိုးရိမ်ပူပန်စရာမလိုဘူး။ ရိုးရှင်းတာကို လက်ကိုင်ထားပြီး ဘဝကို သက်တောင့်သက်သာ ဖြတ်သန်းနိုင်ပါတယ်။
၅.ခံစားချက်ကို အလဟသမဖြုန်းနဲ့…..
သင့်အကြောင်း လူတွေမဟုတ်မမှန်ပြောလို့ ဒီနေ့ သင်မပျော်ဘူး။ လူတွေနဲ့လည်း သင် ရန်မဖြစ်ချင်လို့ လူတွေနားက သင်ခွာခဲ့တယ်။ ခန္ဓာကိုယ်သာ လူတွေဆီက သင် ခွာခဲ့ပေမယ့် သင့်စိတ်က နာကျင်ခြင်းထဲကနေ မခွာနိုင်ခဲ့လို့ တွေးလေ သင် ဒေါသထွက်လေဖြစ်မယ်။ ဒေါသဖြစ်ပြီဆိုတာနဲ့ တခြားအလုပ်ပေါ်မှာ သင် အာရုံမစိုက်နိုင်တော့ဘူး။စိတ်ပါလက်ပါ သင် အလုပ်မလုပ်နိုင်တော့ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ပြီး အရေးပါတဲ့အရာတွေကို သင်လျစ်လျူရှုမိတတ်တယ်။
သင့်စိတ်ကို သူတစ်ပါးရဲ့အမှားတွေနဲ့ လွှမ်းမိုးထားလို့ ဖြစ်တယ်။ခံစားချက်ကို အကျယ်ချဲ့တာဟာ သင်ရဲ့ဖြုန်းတီးမှုဖြစ်တယ်။ အဆိုးဝါးဆုံး ဖြုန်းတီးမှု ဖြစ်တယ်။ ဒေါသထွက်ဖို့ အားစိုက်ရတယ်။ ဒေါသထွက်ရင် ခန္ဓာကိုယ်ကို ထိတယ်၊ ခွန်အားဗလကို ထိတယ်။ ဒါကြောင့် ထက်မြက်တဲ့သင်ဟာ ခံစားချက်ရဲ့ အထိန်းအချုပ်ကို မခံရပါစေနဲ့။ ဒေါသမထွက်ခင် သင့်ကိုယ်သင် “ခံစားချက်ကို အလဟသမဖြုန်းနဲ့” လို့ ညင်ညင်သာသာ သတိပေးပါ။
၆.အချိန်ကောင်းကို ဖမ်းဆုပ်ပါ။
သင်ကြိုက်တဲ့ အင်္ကျီတစ်ထည်ကို ဝယ်ခဲ့ပြီး မဝတ်ရက်ဘဲ ဗီရိုထဲ ဒီအတိုင်း သင်သိမ်းထားတယ် ဆိုပါစို့။ ကာလကြာမှအဲဒီအင်္ကျီကို ဝတ်ဖို့ သင်သတိရချိန် အင်္ကျီဟာခေတ်ကုန်နေပြီဆိုတာကိုသင်သတိထားမိလိမ့်မယ်။
အရသာရှိပြီး လှပတဲ့ ကိတ်မုန့်တစ်တုံးကို ဝယ်ခဲ့ပြီး မစားရက်ဘဲ ရေခဲသေတ္တာထဲ သင် ထည့်ထားမိတယ် ဆိုပါစို့။ကာလကြာမှ ကိတ်မုန့်စားဖို့ သင် သတိရချိန် ကိတ်မုန့်ဟာ ဒိတ်လွန်နေပြီဆိုတာကို သင်သတိထားမိလိမ့်မယ်။
နှစ်သက်ချိန်မှာ မဝတ်လိုက်ရတဲ့ အင်္ကျီ၊ စားချင်တဲ့အချိန်မှာ မစားလိုက်ရတဲ့ ကိတ်မုန့်၊ ဆန္ဒရှိတဲ့အချိန်မှာမလုပ်လိုက်ရတဲ့ အလုပ် … ဒါတွေဟာ ဝမ်းနည်းခြင်းတွေဖြစ်တယ်။ဘဝမှာလည်း ဒိတ်လွန်နေ့စွဲတွေရှိတယ်။ လုပ်ချင်တာကို အချိန်မနှောင်းခင် အရွယ်ကောင်းခင် လုပ်သင့်တယ်။တကယ်လို့ လုပ်ချင်တာကို စိတ်ထဲမှာပဲထားပြီး အကောင်အထည် မဖော်ခဲ့ရင် နောက်ဆုံးရလဒ်က မဝတ်လိုက်ရတဲ့အင်္ကျီလို၊ မစားလိုက်ရတဲ့ ကိတ်မုန့်လို နောင်တနဲ့ ဝမ်းနည်းခြင်းတွေပဲ ကျန်ခဲ့လိမ့်မယ်။သင့်ကိုယ်သင် အကောင်းဆုံးဖြစ်အောင် လုပ်ပါ။
ဘာပူဆွေး ဝမ်းနည်းစရာမှ ချန်မထားခဲ့ပါနဲ့။

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်
-------------------------------------------------------------------
တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။
၁။ တက်တက်ကြွကြွ နေထိုင်ခြင်း
သင်ရဲ့ နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် နျူထရွန်တွေကြား ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။
၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း
အိမ်ထောင်ရှိသူတွေ အတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက် တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊ ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှု ရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့ အရာတွေကို နှေးကွေးစေပါတယ်။
၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း
တစ်နေ့ကို မိနစ် ၃ဝ လောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော လေ့လာမှုအရ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာကြောင့်ပါ။ လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။
၎။ ဆေးလိပ်မသောက်ဘဲ နေခြင်း
ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်း အချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ် မကောင်းတာနဲ့ စူးစိုက်အား နည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရ ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင် ၁၀ နှစ်လောက် ပို ရင့်ရော်နေတတ်ပါတယ်။
၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း
တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကို ဖိနှိပ်ထားတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။
၆။ အသားအရေ ထိန်းသိမ်းခြင်း
အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလို ပြန်ပြီး ငယ်နုအောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီး အစက်အပြောက်တွေလည်း ထင်ရှား လာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင် လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE ၃၀ ဆနဲ့အထက် ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။
၇။ ငါးကြီးဆီ မှီဝဲခြင်း
အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။
၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း
သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန် တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
၉။ အရက် မသောက်ခြင်း
အရက် အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင် သွေးကြောတွေ ပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာ အရက်တစ်ပက် အောက်ကိုသာ သောက်သင့်ပါတယ်။
၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း
စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ်လို့ ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ ပေးပေမယ့် အိပ်နေစဉ် ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံ အကြောင်းရင်းကို ရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။


Save The Children!!

save the childern
၁။ သရော်လှောင်ပြောင်မှုများကို ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်သူရဲဘောနည်းသူ သတ္တိကြောင်သူမျိုးဖြစ်လာ တတ်ပါသည်။
၂။ အမြဲတစေပြစ်တင် ဝေဖန်မှု့ကိုခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်သူတစ်ပါးကို အပြစ်တင်တတ်သူ ရှုံ့ ချတတ်သူဖြစ်လာသည်။
၃။ အရာရာမယုံ မသင်္ကာမှုများကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည်ကောက်ကျစ်စဉ်းလဲသူ ဖြစ်လာနိုင်လေသည်။
၎။ မိမိပြုသမျှဆန့်ကျင်ဘက်ပြုခြင်းကိုသာ ခံစား၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်ရန်လိုတတ်သူ ဖြစ်လာတတ်ပေသည်။
၅။ ကြင်နာယုယမှုကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် သူတစ်ပါးအပေါ်တွင်မေတ္တာထားတတ်သူဖြစ်လာနိုင်သည်။
၆။ အားပေးထောက်ခံမှုများဖြင့် ခံစားပြီး ကြီးပြင်းလာရသော ကလေးသူငယ်များသည်မိမိကိုယ် မိမိယုံကြည်အားကိုး စိတ်ရှိသူဖြစ်လာနိုင်သည်။
၇။ ဘာသာတရားဖြင့်ခြံရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အမှန်တရားကိုမြတ်နိုးဆောင်ရွက်တတ် သူဖြစ်လာနိုင်ပေသည်။
၈။ ချီးမွမ်းမှု့များကို ခံယူ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည် အရာရာတွင်နားလည်စာနာတတ်သူ ဖြစ်လာလေ့ရှိပါသည်။
၉။ စာပေဗဟုသုတတို့ဖြင့် စာသံပေသံကြားတွင် ကြီးပြင်းလာရသော ကလေးသူငယ်သည်ဥာဏ်ပညာ အမြော်အမြင်ဖြင့် ပြည့်စုံတတ်ပေသည်။
၁၀။ တန်းတူညီမျှ ခွဲဝေခံစားခြင်းတို့ဖြင့် ကြီးပြင်းလာရသော ကလေးသူငယ်သည်လူများအပေါ်ခွင့်လွတ် စာနာတတ်သူဖြစ်လာနိုင်ပါသည်။
၁၁။ ကိုယ်၊ နှုတ်၊ နှလုံးကိုစောင့်ထိန်းတတ်သော ပတ်ဝန်းကျင်၌နေထိုင် ခွင့်ရလာသော ကလေးသူငယ်သည်သည်းခံစိတ်ရှည်လေ့ရှိပါသည်။
၁၂။ စိတ်နှလုံးပျော်ရွှင် ချမ်းမြေ့ မှု ၀န်းရံ၍ ကြီးပြင်းလာရသော ကလေးသူငယ်သည်မေတ္တာတရားနှင့် ချစ်ခင် နှစ်လိုဖွယ်ရာအလှအပ တရားကိုခံယူတတ်သူအနုပညာဖြင့်သိမ့်မွေ့နူးညံ့သူဖြစ်လာ တတ်ပေသည်။
နုနယ်သောကလေးငယ်များသည် ပတ်ဝန်းကျင်ဓလေ့၊ စရိုက် အရ အများဆုံး ပြောင်းလဲကြပါသည်...ထို့ကြောင့် မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်တို့အား တတ်နိုင်သလောက် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့




ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ

ဝမ်းချုပ်ခြင်းကို ဖြေရှင်းပေးမည့် သင့်မီးဖိုချောင်ရှိ အရာများ
လူတိုင်း ဝမ်းချုပ်တာကို ခံစားဖူး ကြပါတယ်။
ဝမ်းချုပ်တာက သင်စားတဲ့ အစားအစာနဲ့ သောက်တဲ့ ဆေးတွေကြောင့် ဖြစ်နိုင်သလို ရောဂါ တစ်ခုခုရဲ့ ရှေ့ပြေးနိမိတ် လက္ခဏာ တစ်ရပ်လည်း ဖြစ်နိုင် ပါတယ်။
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းသွားတဲ့ အလေ့အကျင့်တွေ မတူညီ တတ်ပါဘူး။ တချို့လူတွေက နေ့စဉ်ပုံမှန် ဝမ်းသွားတတ်ပေမယ့် တချို့လူတွေ ကတော့ တစ်ရက်ခြား၊ နှစ်ရက်ခြားမှ တစ်ကြိမ်သာ ဝမ်းသွားတဲ့ အလေ့အကျင့် ရှိတတ်ပါတယ်။ သင့်မှာ ဘယ်လိုပဲ အမူအကျင့် ရှိနေပါစေ တစ်ပတ်ကို သုံးကြိမ်ထက် နည်းပြီး ဝမ်းသွားမှသာ ဝမ်းချုပ်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ပါ တယ်။ ဝမ်းချုပ်လာမှ ဝမ်းနုတ်ဆေး စားတာက ဝမ်းချုပ်တာကို ယာယီသာ ဖြေရှင်းပေးနိုင်ပြီး သင့်တော်မှန်ကန်တဲ့ နည်းလမ်း မဟုတ်ပါဘူး။ ဝမ်းချုပ် တာကို ကာကွယ်နိုင်စေဖို့ မီးဖိုချောင်သုံး သီးနှံတွေနဲ့ ဖြေရှင်းလို့ရတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက် ပါတယ်။
၁။ စပျစ်သီး
ကျက်အောင် ကျိုထားတဲ့ နွားနို့ ပူပူထဲကို အစေ့ထုတ်ထားတဲ့ စပျစ်သီး ၁၀-၁၂ လုံးလောက် ထည့်ကာ ညအိပ်ခါနီးတိုင်း သောက်ပြီး နွားနို့ထဲက စပျစ်သီးကို ဝါးစားပါ။ ဝမ်းချုပ်တာကို ကာကွယ် ပေးနိုင်ပါတယ်။
၂။ သေဘာၤသီး
သေဘာၤသီးက ဝမ်းပျော့ပျော့ သွားစေဖို့ အကောင်းဆုံး အိမ်တွင်းဆေးနည်း တစ်မျိုးလို့ ပြောရင် မှားမယ် မထင်ပါဘူး။
၃။ ချင်း (ဂျင်း)
ချင်းကို အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ပွေးကိုင်းရွက်ကိုလည်း အခြောက်လှန်းပြီး အမှုန့်ကြိတ်ပါ။ ချင်းခြောက်မှုန့်နဲ့ ပွေးကိုင်းရွက်မှုန့် တို့ကို ဆတူ ရောထားပါ။ အိပ်ရာမဝင်ခင် ရေနွေးနွေးထဲကို ရောထားတဲ့ အမှုန့် ခတ်သောက်ပါ။ မနက် အိပ်ရာထတဲ့အခါ ဝမ်းပျော့ပျော့ သွားပါလိမ့်မယ်။
၎။ မာလကာသီး
မာလကာသီး ၁-၂ လုံးကို အစေ့တွေပါ စားပေးပါ။ ဝမ်းမချုပ်စေဖို့ အလွယ်ကူဆုံး နည်းလမ်းပါ။ မာလကာစေ့ တွေပါ စားမယ်ဆိုရင် ညက်အောင် သေချာ ဝါးစားဖို့တော့ လိုပါတယ်။
၅။ ဂေါ်ဖီထုပ်
အမျှင်ဓာတ် များစွာပါတဲ့ ဂေါ်ဖီထုပ်က သင့်ကို ဝမ်းမှန်စေပါတယ်။ ဂေါ်ဖီထုပ်ကို အရွက်အတိုင်း မစားချင်ပါက ပန်းကန်လုံး တစ်လုံးစာလောက် အရည်ညှစ်ပြီး တစ်နေ့ ၁-၂ ကြိမ် သောက်ပေးပါ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံး အိမ်သုံးဆေးပါ။
၆။ ဗာဒံစေ့ဆီ
ဗာဒံစေ့ဆီ လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို နွားနို့နဲ့ ညအိပ်ရာမဝင်ခင် သောက်ပေးပါ။ ဝမ်းမချုပ်အောင် ကာကွယ် ပေးနိုင်ပါတယ်။
၇။ သံပရာသီး
သံပရာသီးကို အစိတ်လေးများ ဖြစ်အောင် လှီးဖြတ်ကာ တစ်ညအိပ် ထားပြီးနောက် သံပရာစိတ်လေးတွေကို အရည်ညှစ်ပါ။ တစ်နေ့ ၁-၂ ကြိမ် သောက်ပါ။ ဝမ်းချုပ်တာ မဖြစ်စေဖို့ အထောက်အကူ ပြုပါတယ်။
၈။ စွန်ပလွံသီး
စွန်ပလွံသီး အနည်းငယ်ကို ရေနွေးပူပူထဲ ထည့်ပြီး အေးသွားတဲ့အထိ ထားပါ။ အေးသွားပါက အဲဒီရေကို သောက်ပေးပါ။ ရေနွေး ပူပူအစား နွားနို့ပူပူကို အသုံးပြုလို့လည်း ရပါတယ်။
၉။ ပန်းသီး
ပန်းသီးက ဝမ်းချုပ်တာကို ကုသဖို့ အကောင်းဆုံး အသီးပါ။ မနက်စာ စားတဲ့အခါ ပန်းသီးပါအောင် ထည့်စားပေးပါ။ ဝမ်းကို ရှောရှောရှူရှူ သွားစေပါတယ်။
၁ဝ။ ဥသျှစ်သီး
ဥသျှစ်သီး စားပေးတာက ဝမ်းပျော့ပျော့ သွားစေတာကြောင့် ဝမ်းချုပ်တတ် သူတွေ စားပေး သင့်ပါတယ်။

ကလေးတိုင်းအတွက် အဖြေတစ်ခုပဲရှိပါတယ်

၂နှစ်အရွယ်သမီးလေးကို ကြည့်ပြီး ဘယ်သူနဲ့တူလို့ ဒီလောက်သောင်းကျန်းနေတာလဲမသိဘူးလို့ တွေးဖူးကြပါသလား…. ကလေးတိုင်းအတွက် အဖြေတစ်ခုပဲရှိပါတယ်…. သူကလေးဟာ ကျောက်ခေတ်ဂူအောင်းလူသားတစ်ယောက်နဲ့ တူပါတယ်တဲ့… စိတ်ဆိုးရင် ဆံပင်ကိုဆောင့်ဆွဲမယ်… ဧည့်ခန်းထဲမှာ ရှူးရှူးပေါက်ချမယ်… စားစရာတွေကို ဆံပင်ထဲလျှောက်ထည့်မယ်… အောက်မှာကျနေတဲ့ စားစရာတွေကို ပါးစပ်ထဲကောက်ထည့်စားမယ်… ကိုယ်တုံးလုံးနဲ့ လျှောက်ပြေးမယ်… ဘယ်သူ့မှကို ဂရုမစိုက်တာပါ….
၁နှစ်ကနေ ၃နှစ်အရွယ်ကလေးတွေကို Toddler လို့သတ်မှတ်ထားပါတယ်… လမ်းလျှောက်တတ်ကာစ တောက်တောက်တောက်တောက်လျှောက်သွားပြီး လုပ်ချင်တာလုပ် သောင်းကျန်းတဲ့ အရွယ်လေးတွေပါ… တချို့ကတော့ Toddler လေးတွေဟာ ဦးဏှောက်ရဲ့ ညာဘက်ခြမ်းမှာ နေကြသူတွေလို့ တင်စားကြတယ်… ညာဘက်ခြမ်းဟာ မြန်ဆန်တဲ့ တုန့်ပြန်မှုတွေကို မစဉ်းစားဘဲ ချက်ချုင်းလုပ်တတ်တဲ့၊ စိတ်ခံစားမှုကို ဦးစားပေးတတ်တဲ့ အခန်းကဏ္ဍမှာပါတယ်… ကျမတို့ရဲ့ စဉ်းစားဆင်ခြင်နိုင်မှုတွေကတော့ ဦးဏှောက်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိပါတယ်… Toddler လေးတွေကတော့ ဘယ်ဘက်ခြမ်းကို လုံးဝပိတ်ထားတယ်လို့ပဲ ဆိုပါတော့….
၁နှစ်ကနေ ၃နှစ်ကြားကလေးတွေဟာ သူတို့ကို လူတွေအာရုံစိုက်လာအောင် နည်းမျိုးစုံနဲ့ ကြိုးစားကြပါတယ်… အဲဒါကြောင့် မိဘတွေအနေနဲ့ သူတို့ရဲ့ကောင်းတဲ့ အမူအကျင့်လေးတွေလုပ်တဲ့အချိန်မှာ ချီးကျူးပေးပြီး ဆိုးတဲ့အချိန်တွေကို လျစ်လျူရှုပေးလိုက်ပါ…. တစ်ခါတရံမှာ သူဆိုးတာကို ဆူမယ့်အစား မသိချင်ယောင်ဆောင်နေလိုက်တာက ပိုအကျိုးရှိတတ်ပါတယ်… သူ့ကို ဆူနေရင် သူလိုချင်တဲ့ အာရုံစိုက်မှု (Attention seeking) ကို ရနေတဲ့အတွက် ပိုပိုပြီး လုပ်ပြတတ်ပါတယ်…. ကိုယ်မကြိုက်မှန်းသိလေ ပိုလုပ်ပြလေပေါ့….
သူတို့လေးတွေ အရမ်းဆိုးနေတဲ့အချိန်မှာ ကိုယ်က အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ထားပါ… ကျမအတွက်တော့ အဲဒီအချက်က အကြီးဆုံးစိန်ခေါ်မှုပါပဲ…. တသက်လုံး ကိုယ်နေထိုင်အသားကျခဲ့တဲ့ အခြေအနေက ဒါမျိုးမှ မဟုတ်ဘဲ….. သူအော်ကိုယ်အော် သူငိုကိုယ်ငို ဖြစ်ခဲ့တဲ့အကြိမ်တွေလည်း အများကြီးပါပဲ…. ဒါပေမယ့် ကြာလာလေ ကိုယ့်စိတ်ကို ကိုယ်လေ့ကျင့်လာနိုင်လာလေဆိုတာ တွေ့လာပါတယ်…. ကိုယ့်အိမ်ထောင်ဘက်နဲ့လဲ တာဝန်မျှယူပါ… ကိုယ်စိတ်တိုလာရင် ထွက်သွားလိုက်ပါ…. ဒီလိုပဲ အိမ်ထောင်ဘက်က စိတ်မရှည်တော့ဘူးဆိုရင် ကိုယ်ကတာဝန်ယူလိုက်ပါ…. စိတ်အေးအေးထားပြီး သူ့ကို စကားပြောပါ… သူနဲ့ မျက်နှာချင်းဆိုင်ထိုင်ချပြီး မျက်လုံးချင်းတန်းတူ ဆွေးနွေးတဲ့ အလေ့အကျင့်လေးကို ပျိုးထောင်ပေးပါ…. ကလေးကို အပေါ်စီးက မတ်တပ်ရပ်ပြီး စကားမပြောမိအောင် သတိထားပါတယ်….. သူက ကိုယ့်ကိုမော့ကြည့်နေရတယ်ဆိုတဲ့ အငုံ့စိတ်ကလေး မသိမသာ ဝင်သွားမှာ စိုးလို့ပါ…. ၂နှစ်အရွယ်ကလေးမို့လို့ ကိုယ်ပြောတာ နားလည်မှာ မဟုတ်ပါဘူးလို့ မထင်ပါနဲ့…. အချက်အလက်ကျကျ စကားများများပြောပေးလေလေ သူတို့ပိုပိုနားလည်လာတယ်ဆိုတာ တွေ့လာပါလိမ့်မယ်….
အငိုမတိတ်နိုင်ဘဲဖြစ်နေရင်လဲ ပြီးအောင်ငိုခိုင်းလိုက်ပါတယ်…. ကျမသားလေးကို ပြောနေကြစကားတစ်ခွန်းက “သားငိုနေရင် မေမေတို့ စကားပြောလို့မရဘူး… အဲဒီတော့ ဝအောင်ငိုလိုက်… ငိုလို့ပြီးရင် မေမေ့ကိုပြော… စကားပြောကြမယ်” ဆိုတာပါ… အဲဒီစကားဟာ ထင်ထားတာထက် အများကြီး အကျိုးရှိပါတယ်…. စက္ကန့်သုံးဆယ်ထက် သူဘယ်တော့မှ ဆက်မငိုတော့ပါဘူး… လူဆိုတာ မလုပ်ရတာကို ပိုလုပ်ချင်ပါတယ်… သူ့ကိုလုပ်ခွင့်ပေးပြီး ကိုယ်ကထိုင်စောင့်နေလိုက်တော့ မလုပ်ချင်တော့ဘဲ တခါတည်းရပ်သွားရော… သူ့ကိုငိုခိုင်းထားတဲ့အချိန်မှာ အနားမှာ ထိုင်စောင့်နေလဲ ရပါတယ်… ဒါမှမဟုတ် ကိုယ့်ဘာသာကိုယ် လုပ်စရာရှိတာ သွားလုပ်နေလိုက်တာပါပဲ…. ခဏနေတော့ အနားလာပြီး ပြီးပြီမေမေလို့ လာပြောမှ ကိုယ်ပြောချင်တာကို ဆက်ပြောလိုက်တယ်….
နောက်တစ်ခု ကျမစိတ်ထဲမှာ အရေးကြီးတယ်ထင်တာက တစ်ယောက်က ဆုံးမနေတဲ့အချိန် နောက်တစ်ယောက်ဘာမှ ဝင်မပြောခိုင်းတာပါ… အဲဒါလည်း အကြီးဆုံးစိန်ခေါ်မှုပါပဲ…. အထူးသဖြင့် မိဘမောင်နှမ ဆွေမျိုးတွေ အဖိုးအဖွားတွေပေါ့…. ရန်ဖြစ်လိုက်ရတာ မရေမတွက်နိုင်အောင်ပါပဲ… ကိုယ်ကစကားပြောနေချိန်မှာ အဖိုးလုပ်တဲ့သူက လာလာသမီးလေး… ဖိုးဖိုးဆီလာဆိုပြီးပြောတာလောက် စိတ်ဆိုးတာမရှိဘူး… ကလေးက မိဘကို အလေးမထားတော့တဲ့အပြင် အားကိုးရာရပြီဆိုပြီး ကိုယ်ပြောထားသမျှ သူ့စိတ်ထဲမှာ ဘာမှမကျန်တော့ပါဘူး…. သားသမီးဟာ မိဘကို အလေးထားရမယ်၊ ရိုသေရမယ်ဆိုတာ သိဖို့ အရေးကြီးပါတယ်…. နောက်ဆိုရင် အမေဆူရင် အဖွားဆီသွားနေလိုက်မယ်ဆိုတာမျိုး ဖြစ်လာတော့မယ်လေ….
အဓိကဆိုလိုရင်းကတော့ သူတို့ကို ဆူမယ့်အစား နားလည်အောင် ရှင်းပြပေးပါ… ဒေါသနဲ့ မပြောမိအောင် တတ်နိုင်သမျှထိန်းပါ… ၂နှစ်လောက်အရွယ်ကတည်းက အဲဒီလိုလေ့ကျင့်ပေးထားရင် ၄-၅နှစ်ရောက်တဲ့အခါ ကိုယ်အရမ်းသက်သာသွားပါလိမ့်မယ်… နေရိပ်လိုချင် နေပူတော့ ၂နှစ်လောက်ခံလိုက်ရပါတယ်… သားကောင်းသမီးမွန်ကလေးတွေ ဖြစ်ကြပါစေနော်….

ကိုယ်ဝန်ဆောင်ချိန်ပြောင်းလဲမှုများ

ကိုယ်ဝန်ဆောင်ချိန်မှာ
အမျိုးသမီးတွေက အသားအရေ ကြည်လင် တောက်ပလာတယ်လို့ ထင်ရပေမယ့် ဆံကေသာနဲ့
အရေပြားမှာ မျှော်လင့် မထားတဲ့ သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။

အသားအရောင် ရင့်လာခြင်း
အရေပြားပေါ်က အပြောင်းအလဲဟာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၀ လောက် အကြာမှာ
စတင် သိသာလာပါတယ်။ သင့်အသားအရေက ညိုလေလေ၊ အသားအရေ အပြောင်းအလဲ ဖြစ်နိုင်ခြေ
 များလေလေပါပဲ။ အသားဖြူတဲ့ သူတွေ၊ ပင်ကို ဆံပင်အရောင် နီတဲ့သူတွေ
ကိုယ်ဝန်ဆောင်ရင် ထင်ရှားတဲ့ အပြောင်းအလဲကို သိသိသာသာ မတွေ့ရပါဘူး။

-နို့သီးခေါင်းတွေက အရောင် ပိုရင့်လာပါတယ်။ နို့သီးခေါင်းတွေက
ပိုကြီးလာပြီး ပိုထင်ရှားလာပါတယ်။ -ရင်ဘတ်နဲ့ ဝမ်းဗိုက်အလယ်မှာ
ကန့်လန့်ဖြတ် ရှိနေတဲ့ အညိုရောင်လိုင်းကြီး တစ်ခုက သိသာထင်ရှား နေတတ်ပါတယ်။
 -တချို့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်နေရင် မျက်နှာမှာ အကွက်တွေ ပေါ်တာ၊
ပုံမှန် မဟုတ်တာ စတဲ့ မျက်နှာဖုံး စွပ်ထားသလို အပြောင်းအလဲ ဖြစ်တတ်ပါတယ်။
အသားအရေ ခြောက်ခြင်း
သင့်အသားအရေက ခြောက်ရင် ဒါမှမဟုတ် ယားနေရင် အစိုဓာတ် ထိန်းပေးတဲ့
ရေချိုးဆပ်ပြာနဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။
သင့်အသားအရေက တစ်ချိန်လုံး အလွန်အမင်း ယားယံနေရင် Cholestasis လို့ခေါ်တဲ့
အခြေအနေကို ဖြစ်စေနိုင်ပြီး အသည်းနဲ့ ကျောက်ကပ်တို့ကို ထိခိုက်စေပါတယ်။
ဒီအခြေအနေဟာ ဗိုက်ထဲက သန္ဓေသား အတွက်လည်း အန္တရာယ် ဖြစ်စေနိုင်တာကြောင့်
ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ဗိုက်ကြောပြတ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်တာက ကိုယ်ဝန်ဆောင်ကာလ ခြောက်လမှာ
ဖြစ်တတ်ပါတယ်။ ဗိုက်မှာ အဖြစ်အများဆုံး ဖြစ်ပြီး ရင်သားနဲ့ ပေါင်တွေမှာလည်း
 အကြော ပြတ်တတ်ပါတယ်။ အရေပြားမှာ ရှိတဲ့ အီလက်စတစ် ဖိုင်ဘာအမျှင်တွေ
ကျိုးတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပြီး စစချင်း နီမြန်းကာ တစ်လလောက် အကြာမှာ
ငွေရောင်လိုလို မီးခိုးရောင်လိုလို ဖျော့တော့ သွားတတ်ပါတယ်။
ဗိုက်ကြောပြတ်တာ လျော့ကျ သက်သာစေဖို့ လိမ်းဆေးတွေ အများကြီး ရှိနေပါတယ်။
ဗိုက်ကြောပြတ်တာက မျိုးရိုး လိုက်တတ်တာကြောင့် သင့်မိခင်ဟာ
ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဗိုက်ကြောပြတ်ဖူးရင် သင်လည်း
ဗိုက်ကြောပြတ်နိုင်ခြေ ရှိပါတယ်။
ဆံကေသာ ကျန်းမာရေး
ကိုယ်ဝန်ဆောင်ချိန်မှာ ဆံကေသာက တောက်ပပြီး ထူထဲလာတာမျိုး ဖြစ်နိုင်ပါတယ်။
ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာ ဆံပင်တွေ ပိုပြီး များများ ကျွတ်တာမျိုး
ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုးတာ၊
ဓာတုပစ္စည်းတွေသုံးပြီး ပြုပြင်တာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။
ကြယ်စင် Good Health ကျန်းမာရေးစာတိုများစုစည်းမှု
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေက အသားအရေ ကြည်လင် တောက်ပလာတယ်လို့ ထင်ရပေမယ့် ဆံကေသာနဲ့ အရေပြားမှာ မျှော်လင့် မထားတဲ့ သက်ရောက်မှုတွေ ရှိနေနိုင်ပါတယ်။ အသားအရောင် ရင့်လာခြင်း အရေပြားပေါ်က အပြောင်းအလဲဟာ ကိုယ်ဝန်ဆောင်ကာလ သီတင်းပတ် ၂၀ လောက် အကြာမှာ စတင် သိသာလာပါတယ်။ သင့်အသားအရေက ညိုလေလေ၊ အသားအရေ အပြောင်းအလဲ ဖြစ်နိုင်ခြေ များလေလေပါပဲ။ အသားဖြူတဲ့ သူတွေ၊ ပင်ကို ဆံပင်အရောင် နီတဲ့သူတွေ ကိုယ်ဝန်ဆောင်ရင် ထင်ရှားတဲ့ အပြောင်းအလဲကို သိသိသာသာ မတွေ့ရပါဘူး။ -နို့သီးခေါင်းတွေက အရောင် ပိုရင့်လာပါတယ်။ နို့သီးခေါင်းတွေက ပိုကြီးလာပြီး ပိုထင်ရှားလာပါတယ်။ -ရင်ဘတ်နဲ့ ဝမ်းဗိုက်အလယ်မှာ ကန့်လန့်ဖြတ် ရှိနေတဲ့ အညိုရောင်လိုင်းကြီး တစ်ခုက သိသာထင်ရှား နေတတ်ပါတယ်။ -တချို့ အမျိုးသမီးတွေက ကိုယ်ဝန်ဆောင်နေရင် မျက်နှာမှာ အကွက်တွေ ပေါ်တာ၊ ပုံမှန် မဟုတ်တာ စတဲ့ မျက်နှာဖုံး စွပ်ထားသလို အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ အသားအရေ ခြောက်ခြင်း သင့်အသားအရေက ခြောက်ရင် ဒါမှမဟုတ် ယားနေရင် အစိုဓာတ် ထိန်းပေးတဲ့ ရေချိုးဆပ်ပြာနဲ့ ရေချိုးခန်းသုံး ပစ္စည်းတွေကို အသုံးပြုသင့်ပါတယ်။ သင့်အသားအရေက တစ်ချိန်လုံး အလွန်အမင်း ယားယံနေရင် Cholestasis လို့ခေါ်တဲ့ အခြေအနေကို ဖြစ်စေနိုင်ပြီး အသည်းနဲ့ ကျောက်ကပ်တို့ကို ထိခိုက်စေပါတယ်။ ဒီအခြေအနေဟာ ဗိုက်ထဲက သန္ဓေသား အတွက်လည်း အန္တရာယ် ဖြစ်စေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဗိုက်ကြောပြတ်ခြင်း ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ကြောပြတ်တာက ကိုယ်ဝန်ဆောင်ကာလ ခြောက်လမှာ ဖြစ်တတ်ပါတယ်။ ဗိုက်မှာ အဖြစ်အများဆုံး ဖြစ်ပြီး ရင်သားနဲ့ ပေါင်တွေမှာလည်း အကြော ပြတ်တတ်ပါတယ်။ အရေပြားမှာ ရှိတဲ့ အီလက်စတစ် ဖိုင်ဘာအမျှင်တွေ ကျိုးတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပြီး စစချင်း နီမြန်းကာ တစ်လလောက် အကြာမှာ ငွေရောင်လိုလို မီးခိုးရောင်လိုလို ဖျော့တော့ သွားတတ်ပါတယ်။ ဗိုက်ကြောပြတ်တာ လျော့ကျ သက်သာစေဖို့ လိမ်းဆေးတွေ အများကြီး ရှိနေပါတယ်။ ဗိုက်ကြောပြတ်တာက မျိုးရိုး လိုက်တတ်တာကြောင့် သင့်မိခင်ဟာ ကိုယ်ဝန်ဆောင်ပြီးချိန်မှာ ဗိုက်ကြောပြတ်ဖူးရင် သင်လည်း ဗိုက်ကြောပြတ်နိုင်ခြေ ရှိပါတယ်။ ဆံကေသာ ကျန်းမာရေး ကိုယ်ဝန်ဆောင်ချိန်မှာ ဆံကေသာက တောက်ပပြီး ထူထဲလာတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကလေးမွေးပြီးချိန်မှာ ဆံပင်တွေ ပိုပြီး များများ ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဆံပင်ဆေးဆိုးတာ၊ ဓာတုပစ္စည်းတွေသုံးပြီး ပြုပြင်တာတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။ ကြယ်စင် Good Health ကျန်းမာရေးစာတိုများစုစည်းမှု

Copy the BEST Traders and Make Money (One Click) : http://ow.ly/KNICZ